အပိုင်း (၁)၊ အခန်း (၅)
“တကယ်တော့ မကြာသေးခင်ကတည်းက ရာဇုမီခင့်ဆီသွားပြီး အလုပ်တောင်းမလို့၊ စာသင်ရမယ့်အလုပ်လေးဘာလေး ရှာပေးဖို့ တောင်းမလို့ စိတ်ကူးနေတာပဲ...” ဟု ရက်စ်ကိုလ်နီကော့ဗ် တွေးမိသည်။ “ဒါပေမဲ့ အခု သူက ငါ့ကို ဘာများကူညီနိုင်မှာလဲ။ သူက ငါ့ကို စာသင်ရမယ့်အလုပ် ရှာပေးတယ်ပဲထား၊ သူ့မှာ နောက်ဆုံးကျန်တဲ့ ငွေစလေးတွေ ရှိသမျှကိုတောင် ငါနဲ့ခွဲပေးတယ်ပဲထား၊ အဲဒီငွေနဲ့ ဘွတ်ဖိနပ်တစ်ရံဝယ်ပြီး စာသင်လို့ဖြစ်လောက်အောင် ကိုယ့်ကိုယ်ကို သပ်သပ်ရပ်ရပ် ပြင်ဆင်နိုင်မယ်ပေါ့... ဟင်း... ပြီးတော့ကော ဘာဖြစ်ဦးမှာလဲ။ ငါရှာရမယ့် ငွေစလေးနည်းနည်းနဲ့ ဘာလုပ်ရမှာလဲ။ အခု ငါလိုချင်တာ အဲဒါမဟုတ်ဘူး။ ရာဇုမီခင့်ဆီသွားမယ်ဆိုတာ တကယ်ကို အဓိပ္ပာယ်မရှိတာပဲ....”
ယခု သူသည် အဘယ်ကြောင့် ရာဇုမီခင့်ဆီသို့ သွားနေမိပါသနည်းဟူသော မေးခွန်းက သူကိုယ်တိုင် သိရှိထားသည်ထက်ပင် ပို၍ စိတ်လှုပ်ရှားစေခဲ့သည်။ သာမန်မျှသာဖြစ်ပုံရသော ဤလုပ်ရပ်ထဲတွင် နိမိတ်ဆိုးတစ်ခုခု၏ အဓိပ္ပာယ်ကို သူသည် စိတ်မငြိမ်မသက်ဖြင့် အဆက်မပြတ် ရှာဖွေနေမိသည်။
“ရာဇုမီခင်တစ်ယောက်တည်းကို အားကိုးပြီး အားလုံးကို ပြန်တည့်မတ်အောင်လုပ်နိုင်မယ်၊ ထွက်ပေါက်တစ်ခု ရှာတွေ့နိုင်မယ်လို့ ငါမျှော်လင့်ခဲ့မိတာများလား” ဟု သူသည် ဝေခွဲမရဖြစ်လျက် ကိုယ့်ကိုယ်ကို မေးမိသည်။
သူသည် စဉ်းစားရင်း နဖူးကို ပွတ်နေ၏။ ထူးဆန်းသည်မှာ အချိန်အတော်ကြာ တွေးတောပြီးနောက် ရုတ်တရက်ပင် သူ့အလိုလို၊ မတော်တဆပေါ်လာသည့်နှယ် ထူးထူးဆန်းဆန်း အတွေးတစ်ခု သူ့ခေါင်းထဲသို့ ဝင်လာခဲ့သည်။
“ဟင်း... ရာဇုမီခင့်ဆီပေါ့” ဟု နောက်ဆုံးဆုံးဖြတ်ချက်တစ်ခု ချပြီးသွားသကဲ့သို့ သူက ရုတ်တရက် တည်ငြိမ်စွာ ပြောလိုက်သည်။ “ရာဇုမီခင့်ဆီတော့ သွားမှာပေါ့၊ ဒါပေမဲ့... အခုမဟုတ်သေးဘူး။ အဲဒါ ပြီးသွားပြီး အရာအားလုံး အသစ်ကနေ ပြန်စမယ့် နောက်တစ်နေ့ကျမှ... သူ့ဆီ ငါသွားမယ်....”
ထိုအခါမှ မိမိဘာတွေ တွေးနေမိကြောင်း သူရုတ်တရက် သဘောပေါက်သွားသည်။
“အဲဒါ ပြီးသွားတဲ့နောက် ဟုတ်လား” ဟု သူသည် ထိုင်ခုံမှ ခုန်ထကာ အော်လိုက်သည်။ “ဒါပေမဲ့ အဲဒါ တကယ်ဖြစ်လာတော့မှာလား။ တကယ်ပဲ ဖြစ်လာနိုင်တာလား။” သူသည် ထိုင်ခုံကို စွန့်ခွာကာ ပြေးလုမတတ် ထွက်လာခဲ့သည်။ နောက်ပြန်လှည့်၍ အိမ်သို့ပြန်ရန် ရည်ရွယ်ခဲ့သော်လည်း အိမ်ပြန်ရမည့်အတွေးက ရုတ်တရက် သူ့စိတ်ထဲ၌ ပြင်းထန်သော စက်ဆုပ်ရွံရှာမှုကို ဖြစ်ပေါ်စေခဲ့သည်။ ထိုတွင်းပေါက်ကဲ့သို့သောနေရာ၊ ကြောက်မက်ဖွယ် ကျဉ်းမြောင်းလှသည့် သူ့အခန်းကလေးထဲတွင် ဤအရာအားလုံး သည် ပြီးခဲ့သောတစ်လလုံး သူ့ရင်ထဲ၌ တဖြည်းဖြည်း ကြီးထွားလာခဲ့ခြင်းပင်။ ထို့ကြောင့် သူသည် ဦးတည်ရာမဲ့ ဆက်လျှောက်သွားခဲ့သည်။
အာရုံကြောများ တုန်ယင်နေမှုက အဖျားတက်ခြင်းအဖြစ် ပြောင်းသွားသဖြင့် သူ့တစ်ကိုယ်လုံး ခိုက်ခိုက်တုန်သလို ခံစားနေရသည်။ ရာသီဥတုပူနေသော်လည်း သူ့မှာ အေးစက်နေ၏။ အတွင်းစိတ်မှ တစ်စုံတစ်ရာကို တောင့်တမှုကြောင့် အာရုံလွှဲစရာတစ်ခုခုကို ရှာဖွေသကဲ့သို့ မိမိရှေ့တွင် မြင်ရသမျှအရာအားလုံးကို အားယူ၍ မသိစိတ်ဖြင့် စူးစိုက်ကြည့်လာသည်။ သို့သော် မအောင်မြင်ဘဲ အချိန်တိုင်းလိုလို အတွေးနက်နက်ထဲသို့ ပြန်လည်နစ်မြုပ်သွားမြဲပင်။ ရုတ်တရက် သတိဝင်ကာ ခေါင်းမော့၍ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါတိုင်း မိမိယခုလေးတင် ဘာတွေတွေးနေခဲ့သည်ကိုသာမက မည်သည့်နေရာသို့ သွားနေသည်ကိုပင် ချက်ချင်းမေ့သွားလေ့ရှိသည်။ ဤသို့ဖြင့် သူသည် ဗာစီလျက်ဗ်စကီ အော့စထရော့ဗ်ကို တစ်လျှောက်လုံး ဖြတ်ကျော်ကာ နီဗာမြစ်ငယ်ဘက်သို့ ထွက်လာပြီး တံတားကို ဖြတ်ကာ ကျွန်းများဘက်သို့ ကွေ့သွားသည်။ မြို့တွင်းရှိ ဖုန်မှုန့်များနှင့် မိမိကို ဝိုင်းပိတ်ဖိစီးထားသည့် အဆောက်အအုံကြီးများကြားမှ ထွက်လာပြီးနောက် စိမ်းလန်းလတ်ဆတ်မှုက ပင်ပန်းနွမ်းနယ်နေသော သူ့မျက်လုံးများကို အစပိုင်း၌ အေးချမ်းစေခဲ့သည်။ ဤနေရာတွင် အရက်ဆိုင်များ မရှိ၊ မွန်းကျပ်ပိတ်လှောင်မှု မရှိ၊ အနံ့ဆိုးများလည်း မရှိပေ။ သို့သော် ထိုနှစ်သက်ဖွယ် ခံစားမှုအသစ်များသည် မကြာမီပင် ရောဂါသဖွယ် စိတ်တိုစိတ်ဆတ်မှုအဖြစ် ပြောင်းလဲသွားသည်။ တစ်ခါတစ်ရံ သူသည် စိမ်းလန်းသော သစ်ရွက်သစ်ခက်များကြား၌ အရောင်တောက်တောက် ဆေးသုတ်ထားသည့် နွေရာသီစံအိမ်တစ်လုံးရှေ့တွင် ရပ်တန့်ကာ ခြံစည်းရိုးကြားမှ ငေးကြည့်နေတတ်သည်။ အဝေးရှိ ဝရန်တာများနှင့် လသာဆောင်များပေါ်တွင် သပ်ရပ်လှပစွာ ဝတ်စားထားသော အမျိုးသမီးများကိုလည်းကောင်း၊ ဥယျာဉ်များထဲတွင် ပြေးလွှားနေသော ကလေးများကိုလည်းကောင်း သူမြင်ရသည်။ အထူးသဖြင့် ပန်းများက သူ့အာရုံကို ဖမ်းစားခဲ့သည်။ အခြားမည်သည့်အရာထက်မဆို ပန်းများကို သူပို၍ ကြာကြာ ငေးကြည့်နေမိသည်။ ဇိမ်ခံရထားလုံးများ၊ မြင်းစီးလာသော အမျိုးသားအမျိုးသမီးများနှင့်လည်း ဆုံရသည်။ သူတို့ကို စူးစမ်းလိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေသော်လည်း မျက်စိရှေ့မှ ပျောက်ကွယ်မသွားမီပင် မေ့ပစ်လိုက်သည်။ တစ်ကြိမ်၌ သူသည် ရပ်ပြီး မိမိ၌ရှိသောငွေကို ရေတွက်ကြည့်ရာ ကိုပက်သုံးဆယ်ရှိကြောင်း တွေ့ရသည်။ “ရဲသားကို နှစ်ဆယ်၊ စာအတွက် နာစတာစျာကို သုံးကိုပက်ပေးခဲ့တော့ မနေ့က မာမီလာဒေါ့ဗ်တို့ကို လေးဆယ့်ခုနစ်ကိုပက် ဒါမှမဟုတ် ငါးဆယ်လောက် ပေးခဲ့မိတာပဲ” ဟု မည်သည့်အကြောင်းကြောင့်မှန်းမသိ တွက်ချက်ရင်း တွေးလိုက်သည်။ သို့သော် အိတ်ထဲမှ ငွေကို ဘာရည်ရွယ်ချက်ဖြင့် ထုတ်ကြည့်ခဲ့သည်ကို မကြာမီပင် မေ့သွားပြန်သည်။ စားသောက်ဆိုင်တစ်ဆိုင် သို့မဟုတ် အရက်ဆိုင်တစ်ဆိုင်ရှေ့မှ ဖြတ်သွားသောအခါမှ ထိုအကြောင်းကို ပြန်သတိရပြီး မိမိဗိုက်ဆာနေကြောင်း ခံစားမိသည်.... အရက်ဆိုင်ထဲဝင်ကာ ဗော့ဒ်ကာတစ်ခွက်သောက်ပြီး မုန့်တစ်မျိုးမျိုးကို စားလိုက်သည်။ ထွက်ခွာလျှောက်သွားရင်း လက်ကျန်မုန့်ကို အပြီးစားလိုက်သည်။ ဗော့ဒ်ကာမသောက်ဖြစ်သည်မှာ ကြာပြီဖြစ်သဖြင့် ဖန်ခွက်ငယ်တစ်ခွက်မျှသာ သောက်ခဲ့သော်လည်း ချက်ချင်းပင် အာနိသင်ပြလာသည်။ သူ့ခြေထောက်များ ရုတ်တရက် လေးလံလာပြီး အလွန်အမင်း အိပ်ငိုက်လာခဲ့သည်။ သူသည် အိမ်ဘက်သို့ ပြန်လှည့်လာသော်လည်း ပက်ထရော့ဗ်စကီ အော့စထရော့ဗ်သို့ ရောက်သောအခါ အင်အားလုံးဝကုန်ခန်းသွားသဖြင့် ရပ်လိုက်ရသည်။ ထို့နောက် လမ်းဘေးမှ ချုံပုတ်များထဲသို့ ဝင်ကာ မြက်ခင်းပေါ် လှဲချလိုက်ပြီး ချက်ချင်းပင် အိပ်ပျော်သွားသည်။
ဦးနှောက်မှာ မူမမှန်သော အခြေအနေမျိုး၌ အိပ်မက်များသည် တစ်ခါတစ်ရံ ထူးကဲစွာ အမှန်တကယ်ဖြစ်ပျက်နေသကဲ့သို့ ထင်ရှားပြတ်သားပြီး လက်တွေ့ဘဝနှင့် အံ့မခန်းတူညီနေတတ်သည်။ တစ်ခါတစ်ရံ ကြောက်မက်ဖွယ်ရာ ပုံရိပ်များ ပေါ်ပေါက်လာတတ်သော်လည်း ယင်းတို့၏ နောက်ခံအခြေအနေနှင့် မြင်ကွင်းတစ်ခုလုံးမှာ အမှန်တရားနှင့် အလွန်တူညီသည့်အပြင် အသေးစိတ်အချက်အလက်များကလည်း သိမ်မွေ့လွန်း၊ မမျှော်လင့်ဘဲ ပေါ်လာလွန်းသော်လည်း အနုပညာမြောက်စွာ အချင်းချင်း လိုက်ဖက်ညီနေတတ်သည်။ ထို့ကြောင့် အိပ်မက်မက်သူသည် ပုရှ်ကင် သို့မဟုတ် တူရ်ဂေနျက်ဗ်ကဲ့သို့ အနုပညာရှင်တစ်ဦး ဖြစ်နေလျှင်ပင် နိုးကြားနေချိန်၌ ထိုမြင်ကွင်းမျိုးကို မည်သို့မျှ စိတ်ကူးဖန်တီးနိုင်မည် မဟုတ်ပေ။ ထိုကဲ့သို့ ရောဂါဆန်သော အိပ်မက်များသည် မှတ်ဉာဏ်ထဲ၌ အမြဲပင် ကြာရှည်စွာ စွဲကျန်နေတတ်ပြီး အလွန်အမင်း ပင်ပန်းနွမ်းနယ်ကာ ဖရိုဖရဲဖြစ်နေသည့် အာရုံကြောစနစ်အပေါ် ပြင်းထန်သော အထင်အမြင်ကို ရိုက်ခတ်စေတတ်သည်။
ရက်စ်ကိုလ်နီကော့ဗ်သည် ကြောက်မက်ဖွယ်အိပ်မက်တစ်ခု မက်ခဲ့သည်။ သူသည် မိမိမွေးဖွားရာ မြို့ငယ်ကလေးသို့ ကလေးဘဝအတိုင်း ပြန်ရောက်နေသည်ဟု မက်နေ၏။ သူသည် ခုနစ်နှစ်ခန့်အရွယ် ကလေးတစ်ယောက်ဖြစ်ပြီး ပွဲနေ့တစ်နေ့၏ ညနေခင်းတွင် ဖခင်နှင့်အတူ မြို့ပြင်တောဘက်သို့ လမ်းလျှောက်ထွက်နေသည်။ ထိုနေ့သည် မီးခိုးရောင်မှိုင်း၍ လေးလံအုံ့ဆိုင်းနေသောနေ့ဖြစ်ပြီး ကျေးလက်ရှုခင်းမှာ သူမှတ်မိထားသည့်အတိုင်း တစ်စက်မလွဲရှိနေ၏။ အမှန်အားဖြင့် နိုးနေစဉ် မှတ်ဉာဏ်ထဲတွင် ပြန်လည်အမှတ်ရသည်ထက်ပင် အိပ်မက်ထဲ၌ ပို၍ကြည်လင်ပြတ်သားစွာ မြင်နေရသည်။ မြို့ငယ်ကလေးသည် လက်ဖဝါးကဲ့သို့ ပြန့်ပြူး၍ ဘာမျှမရှိသော လွင်ပြင်ပေါ်တွင် တည်ရှိပြီး အနီးအနား၌ မိုးမခပင်တစ်ပင်ပင် မရှိချေ။ အလွန်ဝေးကွာသော မိုးကုတ်စက်ဝိုင်းအစွန်း၌သာ တောအုပ်ကလေးတစ်ခုက မှောင်မည်းသောအရိပ်သဖွယ် ပေါ်နေသည်။ နောက်ဆုံး ဟင်းသီးဟင်းရွက်ခြံကို ကျော်၍ ခြေလှမ်းအနည်းငယ်အကွာတွင် အရက်ဆိုင်ကြီးတစ်ဆိုင်ရှိသည်။ ထိုဆိုင်သည် ဖခင်နှင့်အတူ ဖြတ်လျှောက်သွားတိုင်း သူ့ရင်ထဲ၌ စက်ဆုပ်ရွံရှာစိတ်၊ ကြောက်ရွံ့စိတ်ပင် အမြဲပေါ်လာစေခဲ့သော ဆိုင်ဖြစ်သည်။ ထိုနေရာ၌ လူအုပ်ကြီး အမြဲရှိနေတတ်ပြီး အော်ဟစ်သံ၊ ရယ်မောသံ၊ ဆဲရေးတိုင်းထွာသံ၊ စက်ဆုပ်ဖွယ် အသံဩဩဖြင့် သီချင်းဆိုသံတို့ အမြဲဆူညံနေကာ မကြာခဏလည်း ရန်ဖြစ်တတ်ကြသည်။ မူးယစ်ပြီး ကြောက်မက်ဖွယ်ရုပ်သွင်ရှိသူများသည် အရက်ဆိုင်ပတ်ဝန်းကျင်၌ ဟိုဟိုသည်သည် လှည့်လည်နေတတ်ကြ၏။ သူတို့နှင့်ဆုံမိသည့်အခါတိုင်း သူသည် တစ်ကိုယ်လုံးတုန်ယင်လျက် ဖခင်အနားသို့ တင်းတင်းကပ်နေတတ်သည်။ အရက်ဆိုင်အနီး၌ လမ်းသည် ဖုန်ထူသောလမ်းကြမ်းအဖြစ် ပြောင်းသွားပြီး ထိုဖုန်မှာ အမြဲမည်းနက်နေတတ်၏။ လမ်းသည် ကွေ့ကောက်နေပြီး ခြေလှမ်းတစ်ရာခန့် ရှေ့ဆက်သွားလျှင် သင်္ချိုင်းဘက်သို့ ညာချိုးသွားသည်။ သင်္ချိုင်းအလယ်၌ အစိမ်းရောင်အမိုးခုံးပါသော ကျောက်ဘုရားကျောင်းတစ်ကျောင်းရှိ၏။ သူသည် ကွယ်လွန်ခဲ့သည်မှာ ကြာပြီဖြစ်ပြီး တစ်ခါမျှမမြင်ဖူးသော အဘွားအတွက် အောက်မေ့ဖွယ်ဝတ်ပြုပွဲ ကျင်းပသည့်အခါ တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်ခန့် မိဘနှစ်ပါးနှင့်အတူ ထိုကျောင်းသို့ ဝတ်ပြုရန် သွားလေ့ရှိသည်။ ထိုအခါမျိုးတွင် စားပွဲသုတ်ပဝါနှင့် ထုပ်ထားသော ပန်းကန်ဖြူတစ်ချပ်ပေါ်၌ စပျစ်သီးခြောက်များကို လက်ဝါးကပ်တိုင်ပုံစံ စီထားသည့် အထူးဆန်ပူတင်းတစ်မျိုးကို ယူသွားလေ့ရှိကြသည်။ သူသည် ထိုဘုရားကျောင်းကိုလည်းကောင်း၊ ရှေးဟောင်းပုံစံဖြင့် အလှဆင်ခြယ်သမှုမရှိသော သူတော်စင်ရုပ်ပုံများကိုလည်းကောင်း၊ ခေါင်းတဆတ်ဆတ်တုန်နေသော ဘုန်းတော်ကြီးအိုကြီးကိုလည်းကောင်း ချစ်ခင်ခဲ့သည်။ ကျောက်တုံးအမှတ်အသားရှိသော အဘွား၏သင်္ချိုင်းအနီး၌ ခြောက်လသားအရွယ်တွင် သေဆုံးခဲ့သည့် သူ့ညီငယ်၏ သင်္ချိုင်းကလေးလည်း ရှိသည်။ သူသည် ထိုညီငယ်ကို လုံးဝမမှတ်မိသော်လည်း ညီငယ်အကြောင်း ပြောပြထားသည်ကို ကြားဖူးသည်။ သင်္ချိုင်းသို့ ရောက်သည့်အခါတိုင်း သူသည် ဘာသာတရားအရ ရိုသေကြည်ညိုစွာ လက်ဝါးကပ်တိုင်ပုံ ရင်ဘတ်တွင် ရေးဆွဲကာ ဦးညွှတ်ပြီး ထိုသင်္ချိုင်းကလေးကို နမ်းလေ့ရှိသည်။ ယခု အိပ်မက်ထဲ၌ သူသည် ဖခင်နှင့်အတူ သင်္ချိုင်းသို့သွားရာလမ်းတွင် အရက်ဆိုင်ရှေ့မှ ဖြတ်လျှောက်နေ၏။ သူသည် ဖခင်၏လက်ကို ကိုင်ထားရင်း အရက်ဆိုင်ကို ကြောက်ရွံ့စွာ ကြည့်နေသည်။ ထူးခြားသည့်အခြေအနေတစ်ရပ်က သူ့အာရုံကို ဖမ်းစားလိုက်၏။ ထိုနေရာတွင် ပျော်ပွဲရွှင်ပွဲတစ်ခုခု ကျင်းပနေပုံရသည်။ တောက်တောက်ပပ ဝတ်စားထားသော မြို့သူမြို့သားများ၊ တောင်သူလယ်သမားမိန်းမများနှင့် သူတို့၏လင်ယောက်ျားများ၊ အမျိုးမျိုးသော လူပေါင်းစုံတို့ စုဝေးနေပြီး အားလုံးက သီချင်းဆိုနေကြကာ အနည်းနှင့်အများ မူးယစ်နေကြသည်။ အရက်ဆိုင်ဝင်ပေါက်အနီး၌ လှည်းတစ်စီး ရပ်ထားသော်လည်း ထူးဆန်းသောလှည်းတစ်စီး ဖြစ်သည်။ ပုံမှန်အားဖြင့် ခွန်အားကြီးမားသော လှည်းမြင်းများက ဆွဲရပြီး ဝိုင်စည်များ သို့မဟုတ် အခြားလေးလံသောကုန်များ တင်ဆောင်သည့် လှည်းကြီးမျိုးဖြစ်၏။ ရှည်လျားသောလည်ဆံ၊ တုတ်ခိုင်သောခြေထောက်များရှိပြီး ခြေလှမ်းမှန်မှန်နှေးနှေးဖြင့် တောင်ပုံရာပုံမျှ လေးလံသည့်ဝန်ကို အားစိုက်ရပုံမပေါ်ဘဲ ဆွဲသွားတတ်သော ထိုလှည်းမြင်းကြီးများကို သူအမြဲကြည့်ချင်ခဲ့သည်။ ဝန်မပါဘဲသွားရသည်ထက် ဝန်နှင့်သွားရခြင်းက ပိုလွယ်ကူနေသည့်အလားပင်။ သို့ရာတွင် ယခု ထူးဆန်းစွာပင် ထိုသို့သောလှည်းကြီး၏ လှည်းတံနှစ်ချောင်းကြား၌ ပိန်လှီသော နီညိုရောင်မြင်းမကလေးတစ်ကောင်ကို သူမြင်လိုက်ရသည်။ တောင်သူများ၏ မြင်းစုတ်ကလေးမျိုးဖြစ်ပြီး သစ်သား သို့မဟုတ် မြက်ခြောက်တို့ကို အလေးအပင်တင်ထားသည့် လှည်းကို အစွမ်းကုန်ရုန်းဆွဲနေရသည်အား သူမကြာခဏ မြင်ဖူးသည်။ အထူးသဖြင့် လှည်းဘီးများ ရွှံ့ထဲ၌ဖြစ်စေ၊ ဘီးရာချိုင့်ထဲ၌ဖြစ်စေ နစ်နေသောအခါမျိုးတွင် ဖြစ်သည်။ တောင်သူများက ထိုမြင်းများကို အလွန်ရက်စက်စွာ ရိုက်နှက်ကြပြီး တစ်ခါတစ်ရံ နှာခေါင်းနှင့် မျက်လုံးများကိုပင် ရိုက်တတ်ကြရာ သူသည် သနားလွန်းသဖြင့် ငိုမိလုနီးပါးဖြစ်ကာ သူ့မိခင်ကလည်း သူ့ကို ပြတင်းပေါက်နားမှ အမြဲခေါ်ထုတ်သွားလေ့ရှိသည်။ ရုတ်တရက် အော်ဟစ်သံ၊ သီချင်းဆိုသံနှင့် ဘာလာလိုက်ကာတီးသံတို့ ကျယ်လောင်စွာ ဆူညံပွက်လောရိုက်လာပြီး အနီရောင်နှင့် အပြာရောင်ရှပ်အင်္ကျီများ ဝတ်ထားကာ အပေါ်အင်္ကျီများကို ပခုံးပေါ် လွှမ်းတင်ထားသော ကိုယ်လုံးကိုယ်ထည်ကြီးမားပြီး အရက်အလွန်မူးနေသည့် တောင်သူအများအပြားသည် အရက်ဆိုင်ထဲမှ ထွက်လာကြသည်။
“တက်ကြ၊ တက်ကြ!” ဟု သူတို့ထဲမှ လည်ပင်းတုတ်တုတ်၊ မုန်လာဥနီကဲ့သို့ နီရဲပြီး အသားပြည့်သောမျက်နှာရှိသည့် လူငယ်တောင်သူတစ်ယောက်က အော်ဟစ်လိုက်သည်။ “မင်းတို့အားလုံးကို ငါခေါ်သွားမယ်၊ တက်ကြ!”
သို့သော် လူအုပ်ထဲမှ ရယ်မောသံများနှင့် အာမေဋိတ်သံများ ချက်ချင်း ပေါက်ကွဲထွက်လာသည်။
“ဒီလိုမြင်းစုတ်လေးနဲ့ ငါတို့အားလုံးကို ခေါ်သွားမလို့လား!”
“ဟေ့ မီကော်လ်ကာ၊ ဒီလိုလှည်းကြီးမှာ ဒီလိုမြင်းစုတ်ကို တပ်ရအောင် မင်းရူးနေသလား!”
“ဟေ့လူတို့၊ ဒီမြင်းမဟာ အနည်းဆုံး အသက်နှစ်ဆယ်ရှိပြီကွ!”
“တက်ကြ၊ မင်းတို့အားလုံးကို ငါခေါ်သွားမယ်” ဟု မီကော်လ်ကာက ထပ်မံအော်ပြောရင်း လှည်းပေါ်သို့ ဦးစွာခုန်တက်ကာ ဇက်ကြိုးကို ဆွဲကိုင်ပြီး ရှေ့ဘက်၌ မတ်တတ်ရပ်လိုက်သည်။ “မြင်းညိုက မတ်ဗေးနဲ့ ပါသွားပြီ” ဟု လှည်းပေါ်မှ အော်ပြော၏။ “ဒီတိရစ္ဆာန်စုတ်မကတော့ ငါ့အသည်းကို ခွဲနေတာပဲ၊ သတ်ပစ်ချင်စိတ်တောင် ပေါက်တယ်။ အလကားကျွေးထားရုံပဲရှိတယ်။ တက်ကြလို့ ငါပြောနေတယ်! ဒုန်းစိုင်းပြေးအောင် ငါလုပ်ပြမယ်! သူ ဒုန်းစိုင်းပြေးလိမ့်မယ်!” ဟုဆိုကာ မြင်းမကလေးကို အားရပါးရ ရိုက်နှက်ရန် ကြာပွတ်ကို ကောက်ယူလိုက်သည်။
“တက်ကြ! လာကြလေ!” လူအုပ်ကြီးက ရယ်မောလျက် ဆိုသည်။ “ကြားကြလား၊ မြင်းမက ဒုန်းစိုင်းပြေးမတဲ့!”
“ဒုန်းစိုင်းပြေးမယ်တဲ့လား! ဒီမြင်းမ ဒုန်းစိုင်းမပြေးနိုင်တာ ဆယ်နှစ်လောက်ရှိပြီ!”
“သူက တဖြည်းဖြည်းတော့ ပြေးသွားမှာပေါ့!”
“သူ့ကို ဂရုစိုက်မနေနဲ့ ဟေ့လူတို့၊ တစ်ယောက်တစ်ချောင်းစီ ကြာပွတ်ယူပြီး အသင့်ပြင်ထားကြ!”
“ကောင်းပြီ! ရိုက်သာရိုက်!”
အားလုံးက ရယ်မောနောက်ပြောင်ရင်း မီကော်လ်ကာ၏လှည်းပေါ်သို့ အလုအယက်တက်ကြသည်။ လူခြောက်ယောက် တက်ပြီးသော်လည်း နောက်ထပ်တက်ရန် နေရာကျန်သေး၏။ သူတို့သည် ကိုယ်လုံးဝဝ၊ ပါးပြင်နီနီ မိန်းမတစ်ယောက်ကိုပါ လှည်းပေါ် ဆွဲတင်ကြသည်။ ထိုမိန်းမသည် အနီရောင်ချည်ထည်ကို ဝတ်ဆင်ထားပြီး ပုတီးစေ့များဖြင့် အလှဆင်ထားသော ထိပ်ချွန်ခေါင်းဆောင်းနှင့် သားရေဖိနပ်ထူကြီးများ စီးထားသည်။ သူမသည် အခွံမာသီးများကို ခွဲစားရင်း ရယ်မောနေ၏။ ပတ်ဝန်းကျင်ရှိ လူအုပ်ကလည်း ရယ်မောနေကြသည်။ အမှန်ပင် ဘယ်လိုလုပ်၍ မရယ်ဘဲ နေနိုင်ကြမည်နည်း။ ထိုသနားစရာ မြင်းစုတ်ကလေးသည် လှည်းအပြည့်လူများကို ဒုန်းစိုင်း၍ ဆွဲရမည်မဟုတ်လား! လှည်းပေါ်ရှိ လူငယ်နှစ်ယောက်သည် မီကော်လ်ကာကို ကူညီရန် ကြာပွတ်များကို အသင့်ပြင်နေကြ၏။ “ကဲ” ဟူသော အော်သံနှင့်အတူ မြင်းမသည် အစွမ်းကုန် ရုန်းဆွဲလိုက်သော်လည်း ဒုန်းစိုင်းပြေးဖို့ဝေးစွ၊ ရှေ့သို့ပင် မနည်းရွေ့နေရသည်။ ခြေထောက်များဖြင့် အတင်းရုန်းရင်း အသက်ကို အငမ်းမရရှူကာ သူ့အပေါ် မိုးသီးများသဖွယ် တရစပ်ကျလာသော ကြာပွတ်သုံးချောင်း၏ ရိုက်ချက်များကြောင့် တွန့်ဆုတ်နေသည်။ လှည်းပေါ်နှင့် လူအုပ်ထဲမှ ရယ်မောသံများသည် နှစ်ဆမျှ ပိုမိုကျယ်လောင်လာ၏။ သို့သော် မီကော်လ်ကာမှာ ဒေါသအမျက်ခြောင်းခြောင်းထွက်လာပြီး မြင်းမသည် အမှန်တကယ် ဒုန်းစိုင်းပြေးနိုင်သည်ဟု ထင်မှတ်နေသည့်အလား အရူးအမူး ရိုက်နှက်လေတော့သည်။
“ဟေ့လူတို့၊ ငါလည်း တက်ပါရစေ” ဟု စိတ်ထက်သန်လာသော လူအုပ်ထဲမှ လူငယ်တစ်ယောက်က အော်ပြောလိုက်သည်။
“တက်ကြ၊ အားလုံးတက်ကြ” ဟု မီကော်လ်ကာက အော်သည်။ “သူက မင်းတို့အားလုံးကို ဆွဲနိုင်တယ်။ ငါ သူ့ကို သေတဲ့အထိ ရိုက်မယ်!” ထို့နောက် သူသည် ဒေါသဖြင့် မိမိကိုယ်ကိုပင် မထိန်းနိုင်တော့ဘဲ မြင်းမကို ထပ်ကာထပ်ကာ ရိုက်နှက်လေသည်။
“ဖေဖေ၊ ဖေဖေ” ဟု သူ အော်ဟစ်လိုက်သည်။ “ဖေဖေ၊ သူတို့ ဘာလုပ်နေကြတာလဲ။ ဖေဖေ၊ သနားစရာမြင်းလေးကို သူတို့ရိုက်နေကြတယ်!”
“လာ၊ လာ!” ဟု သူ့ဖခင်က ပြောသည်။ “သူတို့ မူးပြီး မိုက်မဲနေကြတာ၊ အပျော်လုပ်နေကြတာပါ။ လာခဲ့၊ မကြည့်နဲ့!” ဟုဆိုကာ သူ့ကို ဆွဲခေါ်သွားရန် ကြိုးစား၏။ သို့သော် သူသည် ဖခင်၏လက်မှ ရုန်းထွက်ကာ ထိတ်လန့်ကြောက်ရွံ့လွန်း၍ မိမိကိုယ်ကို မထိန်းနိုင်ဘဲ မြင်းရှိရာသို့ ပြေးသွားသည်။ သနားစရာတိရစ္ဆာန်ကလေး၏ အခြေအနေမှာ အလွန်ဆိုးရွားနေပြီ။ သူသည် အသက်ကို အငမ်းမရရှူရင်း ရပ်နေလိုက်၊ တစ်ဖန် ပြန်ရုန်းဆွဲလိုက်နှင့် လဲကျလုမတတ် ဖြစ်နေသည်။
“သေတဲ့အထိ ရိုက်ကြ” ဟု မီကော်လ်ကာက အော်သည်။ “ဒီအခြေအနေ ရောက်မှတော့ ငါ သူ့ကို အပြတ်ရှင်းပစ်မယ်!”
“မင်း ဘာလုပ်နေတာလဲ၊ မင်းက ခရစ်ယာန်တစ်ယောက် မဟုတ်ဘူးလား၊ နတ်ဆိုးရဲ့!” ဟု လူအုပ်ထဲမှ အဘိုးအိုတစ်ယောက်က အော်ပြောလိုက်သည်။
“ဒီလိုအဖြစ်မျိုး ဘယ်သူမြင်ဖူးလို့လဲ။ ဒီလောက်သနားစရာ မြင်းစုတ်လေးက ဒီလောက်လူအပြည့်တင်ထားတဲ့ လှည်းကြီးကို ဆွဲရတယ်လို့” ဟု နောက်တစ်ယောက်က ဆိုသည်။
“မင်း သူ့ကို သတ်မိလိမ့်မယ်” ဟု တတိယတစ်ယောက်က အော်လိုက်သည်။
“ဝင်မရှုပ်နဲ့! ဒါ ငါ့ပစ္စည်း၊ ငါလုပ်ချင်သလို လုပ်မယ်။ နောက်ထပ်တက်ကြ! အားလုံးတက်ကြ! သူ့ကို ဒုန်းစိုင်းပြေးအောင် ငါမဖြစ်မနေ လုပ်မယ်!...”
ရုတ်တရက် ရယ်မောသံသည် ဟိန်းထွက်လာပြီး အခြားအသံအားလုံးကို ဖုံးလွှမ်းသွားသည်။ မြင်းမသည် တရစပ်ကျလာသော ရိုက်ချက်များကြောင့် လှုပ်ရှားလာကာ အားနည်းစွာ နောက်ခြေဖြင့် ကန်ကျောက်တော့သည်။ အဘိုးအိုပင်လျှင် မပြုံးဘဲ မနေနိုင်ချေ။ ဤမျှ သနားစရာကောင်းသော တိရစ္ဆာန်စုတ်ကလေးက ကန်ဖို့ကြိုးစားနေသည်ကိုး!
လူအုပ်ထဲမှ လူငယ်နှစ်ယောက်သည် ကြာပွတ်များကို ဆတ်ခနဲ လုယူကာ မြင်းမ၏ နံရိုးများကို ရိုက်ရန် ပြေးသွားကြသည်။ တစ်ယောက်က တစ်ဖက်စီ ပြေးသွား၏။
“မျက်နှာကိုရိုက်၊ မျက်လုံးကိုရိုက်၊ မျက်လုံးကိုရိုက်!” ဟု မီကော်လ်ကာက အော်သည်။
“ဟေ့လူတို့၊ သီချင်းတစ်ပုဒ်လောက် ဆိုကြစို့!” ဟု လှည်းပေါ်မှ တစ်ယောက်ယောက်က အော်လိုက်ရာ လှည်းပေါ်ရှိ လူအားလုံးသည် တမ်ဘရင်းဗုံကို ချွင်ချွင်မြည်အောင်တီး၍ လေချွန်ရင်း ဆူညံပွက်လောရိုက်သော သီချင်းတစ်ပုဒ်ကို ဝိုင်းဆိုကြသည်။ ထိုမိန်းမကတော့ အခွံမာသီးများကို ဆက်လက်ခွဲစားရင်း ရယ်မောနေ၏။
…သူသည် မြင်းမဘေးမှ ပြေးလိုက်သည်၊ မြင်းမရှေ့မှ ပြေးလိုက်သည်၊ မြင်းမ၏မျက်လုံးများကို တည့်တည့်ရိုက်နှက်နေသည်ကို မြင်ရသည်။ မျက်လုံးများကိုပင် ရိုက်နေကြသည်။ သူငိုနေသည်၊ အသက်ရှူကျပ်လာသည်ဟု ခံစားရပြီး မျက်ရည်များ တသွင်သွင်စီးကျနေသည်။ လူတစ်ယောက်က သူ့မျက်နှာကို ကြာပွတ်ဖြင့် ဖြတ်ရိုက်လိုက်သော်လည်း သူမသိလိုက်။ လက်နှစ်ဖက်ကို ချိုးဖဲ့ညှစ်ရင်း အော်ဟစ်ကာ၊ မနှစ်သက်သဖြင့် ခေါင်းတယမ်းယမ်းလုပ်နေသော ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးအိုထံ ပြေးသွားသည်။ မိန်းမတစ်ယောက်က သူ့လက်ကို ဆွဲဖမ်းပြီး ခေါ်ထုတ်သွားမည်ပြုသော်လည်း သူက ရုန်းထွက်ကာ မြင်းမထံ ပြန်ပြေးသွားသည်။ မြင်းမမှာ နောက်ဆုံးအသက်ငင်လုနီးနီး ဖြစ်နေပြီဖြစ်သော်လည်း နောက်တစ်ကြိမ် ထပ်မံကန်ကျောက်လာသည်။
“ကန်တတ်တဲ့အကောင်၊ နင့်ကို ငါပညာပေးမယ်” ဟု မီကော်လ်ကာက ရက်စက်ကြမ်းကြုတ်စွာ အော်လိုက်သည်။ သူသည် ကြာပွတ်ကို ပစ်ချကာ ရှေ့သို့ကိုင်းပြီး လှည်းအောက်ခြေမှ ရှည်လျားတုတ်ခိုင်သော လှည်းတံတစ်ချောင်းကို ကောက်ယူလိုက်သည်။ ထို့နောက် အစွန်းတစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး အားယူကာ မြင်းမအပေါ်သို့ မြှောက်ဝှေ့လိုက်သည်။
“မြင်းမကို ကြေမွအောင် ရိုက်တော့မယ်ဟေ့” ဟု ဘေးပတ်ဝန်းကျင်မှ အော်ကြသည်။ “သတ်ပစ်တော့မယ်!”
“ငါ့ဥစ္စာ၊ ငါ့ပိုင်ဆိုင်မှုကွ” ဟု မီကော်လ်ကာက အော်ပြီး လှည်းတံကို အားကုန်လွှဲကာ ချရိုက်လိုက်သည်။ ပြင်းထန်လေးလံသော ထုနှက်သံကြီး ထွက်ပေါ်လာသည်။
“ရိုက်စမ်း၊ ရိုက်စမ်း! ဘာလို့ ရပ်နေတာလဲ” ဟု လူအုပ်ထဲမှ အသံများက အော်ကြသည်။
မီကော်လ်ကာသည် လှည်းတံကို ဒုတိယအကြိမ် မြှောက်ဝှေ့လိုက်ရာ ကံဆိုးရှာသော မြင်းမ၏ ကျောရိုးပေါ်သို့ နောက်တစ်ကြိမ် ကျလာပြန်သည်။ မြင်းမသည် နောက်ခြေများပေါ် ပုံကျသွားသော်လည်း ရှေ့သို့ ယိမ်းထိုးကာ လှည်းကို ရွှေ့နိုင်ရန် အားရှိသမျှနှင့် ဆွဲသည်။ ဘယ်ဘက်သို့တစ်လှည့်၊ ညာဘက်သို့တစ်လှည့် ဆွဲရုန်းနေသည်။ သို့သော် ကြာပွတ်ခြောက်ချောင်းက အရပ်မျက်နှာအနှံ့မှ ဝိုင်းရိုက်နေကြပြီး လှည်းတံကိုလည်း ထပ်မံမြှောက်ကာ တတိယအကြိမ်၊ ထို့နောက် စတုတ္ထအကြိမ်၊ လေးလံမှန်ကန်သော ရိုက်ချက်များဖြင့် ချရိုက်ပြန်သည်။ တစ်ချက်တည်းနှင့် မြင်းမကို မသတ်နိုင်သဖြင့် မီကော်လ်ကာမှာ ဒေါသအမျက်ခြောင်းခြောင်းထွက်နေသည်။
“ဒီအကောင် အသက်ပြင်းလှချည်လား” ဟု လူအုပ်ထဲမှ အော်ကြသည်။
“ခဏနေရင် လဲတော့မယ်ဟေ့၊ ရဲဘော်တို့၊ မကြာခင် သူ့ဇာတ်သိမ်းပြီ” ဟု လူအုပ်ထဲမှ သဘောကျနေသော ပွဲကြည့်သူတစ်ဦးက ဆိုသည်။
“ပုဆိန်ယူခဲ့စမ်း! အပြတ်ရှင်းပစ်လိုက်” ဟု တတိယလူတစ်ဦးက အော်သည်။
“ငါလုပ်ပြမယ်! ဘေးဖယ်ကြစမ်း” ဟု မီကော်လ်ကာက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။ သူသည် လှည်းတံကို ပစ်ချပြီး လှည်းထဲ၌ ကုန်းကာ သံတူရွင်းတစ်ချောင်းကို ကောက်ယူလိုက်သည်။ “သတိထားကြ” ဟု အော်ပြီး သနားစရာမြင်းမကို အားကုန်လွှဲကာ မေ့မျောသွားလောက်အောင် ပြင်းထန်စွာ ထုချလိုက်သည်။ ရိုက်ချက်ကျလာရာ မြင်းမသည် ယိမ်းထိုးပြီး နောက်သို့ ပုံကျသွားကာ ဆွဲရုန်းရန် ကြိုးစားသေးသည်။ သို့သော် သံတူရွင်းက သူ့ကျောပေါ်သို့ အားကုန်လွှဲရိုက်ချက်ဖြင့် ထပ်မံကျလာရာ သစ်တုံးကြီးတစ်တုံးသဖွယ် မြေကြီးပေါ် ပုံလဲကျသွားသည်။
“အပြတ်ရှင်းပစ်လိုက်” ဟု မီကော်လ်ကာက အော်ရင်း မိမိကိုယ်ကို မထိန်းနိုင်တော့ဘဲ လှည်းပေါ်မှ ခုန်ဆင်းသည်။ အရက်ရှိန်ကြောင့် မျက်နှာများနီရဲနေကြသော လူငယ်အချို့ကလည်း တွေ့ရာပစ္စည်း—ကြာပွတ်များ၊ တုတ်များ၊ တိုင်များ—ကို ကောက်ကိုင်ကာ သေလုမျောပါး မြင်းမထံ ပြေးသွားကြသည်။ မီကော်လ်ကာက ဘေးတစ်ဖက်တွင် ရပ်ပြီး သံတူရွင်းဖြင့် တွေ့ကရာကို အဆက်မပြတ် ရိုက်နှက်လေသည်။ မြင်းမသည် ဦးခေါင်းကို ဆန့်ထုတ်ကာ သက်ပြင်းရှည်ကြီးတစ်ချက် ချပြီး သေဆုံးသွားသည်။
“မင်း မြင်းမကို ရက်ရက်စက်စက် သတ်ပစ်လိုက်ပြီ” ဟု လူအုပ်ထဲမှ တစ်ယောက်က အော်သည်။
“ဒါဖြင့် ဘာလို့ ဒုန်းစိုင်းမပြေးတာလဲ?”
“ငါ့ပိုင်ဆိုင်မှုကွ!” ဟု မီကော်လ်ကာက သွေးကြောများနီရဲနေသော မျက်လုံးများဖြင့် အော်ကာ သံတူရွင်းကို လက်ထဲတွင် ဝှေ့ယမ်းနေသည်။ ရိုက်နှက်စရာ ဘာမျှမကျန်တော့သဖြင့် ဝမ်းနည်းနေသည့်အလား သူရပ်နေ၏။
“ဘာမှသံသယမရှိဘူး၊ မင်းဟာ ခရစ်ယာန်တစ်ယောက် မဟုတ်ဘူး” ဟု လူအုပ်ထဲမှ အသံများစွာက အော်ဟစ်ကြသည်။
သို့သော် သနားစရာကလေးမှာ မိမိကိုယ်ကို မထိန်းနိုင်တော့ဘဲ အော်ဟစ်ရင်း လူအုပ်ကြားမှ တိုးဝှေ့၍ မြင်းမနီညိုထံ ရောက်သွားသည်။ သွေးစီးနေသော မြင်းမ၏ အသက်မဲ့ဦးခေါင်းကို လက်နှစ်ဖက်ဖြင့် ပွေ့ဖက်ပြီး နမ်းသည်၊ မျက်လုံးများကို နမ်းသည်၊ နှုတ်ခမ်းများကို နမ်းသည်…။ ထို့နောက် ရုတ်တရက်ထကာ လက်သီးသေးသေးလေးများဖြင့် မီကော်လ်ကာထံ ရူးမတတ်ပြေးဝင်သွားသည်။ ထိုအခိုက်တွင် သူ့နောက်မှ ပြေးလိုက်လာသော ဖခင်က သူ့ကို ဆွဲဖမ်းချီမကာ လူအုပ်ထဲမှ ခေါ်ထုတ်သွားသည်။
“လာ၊ လာ! အိမ်ပြန်ကြစို့” ဟု ဖခင်က သူ့အား ပြောသည်။
“အဖေ! သူတို့က ဘာဖြစ်လို့… သနားစရာမြင်းကို… သတ်လိုက်ကြတာလဲ!” ဟု သူရှိုက်ငိုသည်။ သို့သော် သူ့အသံမှာ ပြတ်တောက်သွားပြီး အသက်ရှူဟပ်နေသော ရင်ဘတ်ထဲမှ စကားလုံးများသည် စူးစူးဝါးဝါး အော်သံများအဖြစ် ထွက်လာသည်။
“သူတို့ မူးနေကြတာ… သူတို့ ရက်စက်ကြမ်းကြုတ်တာ… ငါတို့နဲ့ မဆိုင်ဘူး!” ဟု ဖခင်က ဆိုသည်။ သူသည် ဖခင်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဖက်လိုက်သော်လည်း အသက်ရှူကျပ်လာသည်၊ အလွန်ကျပ်လာသည်။ အသက်ရှူရန်၊ အော်ဟစ်ရန် ကြိုးစားလိုက်ရာမှ—နိုးလာသည်။
သူသည် အသက်ကို မနည်းရှူရင်း နိုးလာသည်။ ဆံပင်များမှာ ချွေးတို့ဖြင့် ရွှဲနစ်နေပြီး ထိတ်လန့်တကြား မတ်တတ်ထရပ်လိုက်သည်။
“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်၊ အိပ်မက်တစ်ခုပဲ” ဟု သစ်ပင်အောက်၌ ထိုင်ချရင်း အသက်ပြင်းပြင်းရှူကာ သူဆိုသည်။ “ဒါပေမဲ့ ဒါက ဘာဖြစ်တာလဲ။ အဖျားတက်ချင်လို့လား။ ကြောက်မက်ဖွယ်အိပ်မက်ကြီးပါလား!”
သူသည် တစ်ကိုယ်လုံး လုံးဝအားအင်ကုန်ခန်းသွားသကဲ့သို့ ခံစားနေရသည်။ သူ့စိတ်ဝိညာဉ်ထဲတွင် အမှောင်နှင့် ရှုပ်ထွေးမှုတို့သာ ရှိနေသည်။ ဒူးများပေါ် တံတောင်တင်ကာ ခေါင်းကို လက်နှစ်ဖက်ပေါ် မှီထားလိုက်သည်။
“အို ဘုရားသခင်!” ဟု သူအော်လိုက်သည်။ “တကယ်ပဲလား၊ တကယ်ပဲ ငါက ပုဆိန်ယူမယ်၊ သူ့ခေါင်းကို ခုတ်မယ်၊ ဦးခေါင်းခွံကို ကွဲထွက်အောင် လုပ်မယ်… စေးကပ်နွေးထွေးနေတဲ့ သွေးထဲ နင်းလျှောက်မယ်၊ သော့ကို ဖျက်မယ်၊ ခိုးယူပြီး တုန်ယင်နေမယ်၊ သွေးတွေ တစ်ကိုယ်လုံးစင်နေတဲ့အတိုင်း ပုန်းနေမယ်… ပုဆိန်ကြီးနဲ့…။ အို ဘုရားသခင်၊ တကယ်ပဲ ဖြစ်နိုင်သလား?”
ထိုသို့ပြောနေစဉ် သူသည် သစ်ရွက်တစ်ရွက်ကဲ့သို့ တဆတ်ဆတ်တုန်နေသည်။
“ဒါပေမဲ့ ငါက ဘာကြောင့် ဒီလိုဆက်ဖြစ်နေရတာလဲ” ဟု သူက အလွန်အမင်းအံ့အားသင့်နေသည့်အလား ပြန်မတ်ထိုင်ရင်း ဆက်ပြောသည်။ “ငါဘယ်တော့မှ ကိုယ့်ကိုယ်ကို အဲဒီလိုလုပ်နိုင်အောင် အတင်းမခိုင်းနိုင်ဘူးဆိုတာ သိပြီးသားပဲ။ ဒါဖြင့် အခုအထိ ဘာကြောင့် ကိုယ့်ကိုယ်ကို ညှဉ်းဆဲနေခဲ့တာလဲ။ မနေ့က၊ မနေ့က အဲဒီ… _စမ်းသပ်မှု_ကို လုပ်ဖို့ သွားခဲ့တုန်းက၊ မနေ့ကတည်းက အဲဒါကို ငါဘယ်တော့မှ မလုပ်နိုင်ဘူးဆိုတာ အပြည့်အဝသဘောပေါက်ခဲ့ပြီးသားပဲ…။ ဒါဖြင့် ဘာကြောင့် အဲဒါကို ထပ်တလဲလဲ စဉ်းစားနေရတာလဲ။ ဘာကြောင့် တွန့်ဆုတ်နေရတာလဲ။ မနေ့က လှေကားက ဆင်းလာတုန်းက အဲဒါဟာ ယုတ်ညံ့တယ်၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းတယ်၊ ဆိုးယုတ်တယ်၊ ဆိုးယုတ်တယ်လို့ ကိုယ့်ကိုယ်ကို ပြောခဲ့တယ်… အဲဒီအကြောင်း စိတ်ကူးမိရုံနဲ့တင် အန်ချင်လာပြီး ကြောက်လန့်တုန်လှုပ်မိခဲ့တယ်။
“မဖြစ်ဘူး၊ ငါမလုပ်နိုင်ဘူး၊ ငါမလုပ်နိုင်ဘူး! အဲဒီအကြောင်းပြချက်တွေ အားလုံးမှာ အပြစ်အနာအဆာ တစ်စက်မျှမရှိဘူးဆိုတာ လက်ခံတယ်၊ ပြီးခဲ့တဲ့ တစ်လလုံး ငါကောက်ချက်ချခဲ့သမျှဟာ နေ့အလင်းရောင်လို ရှင်းလင်းပြီး ဂဏန်းသင်္ချာလို မှန်ကန်တယ်ဆိုတာ လက်ခံတယ်…။ ဘုရားသခင်! ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကိုယ်ငါ အဲဒီလိုလုပ်နိုင်အောင် မခိုင်းနိုင်ဘူး! ငါမလုပ်နိုင်ဘူး၊ ငါမလုပ်နိုင်ဘူး! ဒါဖြင့် ဘာကြောင့်၊ ဘာကြောင့် ငါက အခုထိ…?”
သူသည် မတ်တတ်ထရပ်ကာ ဤနေရာ၌ မိမိရောက်နေသည်ကို အံ့ဩသွားသကဲ့သို့ ပတ်ဝန်းကျင်ကို ထူးဆန်းစွာ ကြည့်ပြီး တံတားဆီသို့ လျှောက်သွားသည်။ သူ့မျက်နှာမှာ ဖြူဖျော့နေပြီး မျက်လုံးများက တောက်ပနေသည်။ ခြေလက်အင်္ဂါတိုင်း အားအင်ကုန်ခန်းနေသော်လည်း ရုတ်တရက် အသက်ရှူရ ပိုမိုလွယ်ကူလာသည့်ပုံပေါ်သည်။ အချိန်ကြာမြင့်စွာ သူ့အပေါ် ဖိစီးနေခဲ့သော ကြောက်မက်ဖွယ်ဝန်ထုပ်ကြီးကို ခါချလိုက်နိုင်ပြီဟု ခံစားရပြီး သူ့စိတ်ဝိညာဉ်ထဲတွင်လည်း ရုတ်ချည်းဆိုသလို ပေါ့ပါးအေးချမ်းသွားသည်။ “အရှင်ဘုရား” ဟု သူဆုတောင်းသည်။ “ကျွန်တော့်လမ်းကို ပြတော်မူပါ။ အဲဒီကျိန်စာသင့်တဲ့… ကျွန်တော့်အိပ်မက်ကို ကျွန်တော် စွန့်လွှတ်လိုက်ပါပြီ။”
တံတားကို ဖြတ်ကူးရင်း သူသည် နီဗာမြစ်ကိုလည်းကောင်း၊ အရောင်တောက်ပနေသော ကောင်းကင်တွင် နီရဲတောက်ပစွာ ဝင်လုဆဲ နေမင်းကိုလည်းကောင်း တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေသည်။ အားနည်းနေသော်လည်း ပင်ပန်းနွမ်းနယ်သည်ဟု သူမခံစားရ။ လွန်ခဲ့သော တစ်လလုံး သူ့နှလုံးသားထဲတွင် တဖြည်းဖြည်းအမြစ်တည်လာခဲ့သည့် ပြည်တည်နာတစ်လုံး ရုတ်တရက် ပေါက်ထွက်သွားသည့်အလားပင်။ လွတ်လပ်ခြင်း၊ လွတ်လပ်ခြင်း! သူသည် ထိုမှော်အောက်မှ၊ ထိုစုန်းပယောဂအောက်မှ၊ ထိုအစွဲအလမ်းအောက်မှ လွတ်မြောက်သွားပြီ!
နောက်ပိုင်း၌ ထိုအချိန်ကိုလည်းကောင်း၊ ထိုနေ့ရက်များအတွင်း သူ့ထံ ဖြစ်ပျက်ခဲ့သမျှကို တစ်မိနစ်ချင်း၊ အချက်တစ်ချက်ချင်း ပြန်လည်သတိရသည့်အခါတိုင်း၊ ဖြစ်ရပ်တစ်ခုကြောင့် အယူသည်းဆန်စွာ စိတ်စွဲလမ်းမိလေ့ရှိသည်။ ထိုဖြစ်ရပ်မှာ သူ့အလိုလိုကြည့်လျှင် ထူးထူးခြားခြားကြီး မဟုတ်သော်လည်း နောက်ပိုင်းတွင် သူ့ကံကြမ္မာအတွက် ကြိုတင်သတ်မှတ်ထားသော အလှည့်အပြောင်းတစ်ရပ်အဖြစ် အမြဲထင်မြင်ခဲ့သည်။ သူသည် ပင်ပန်းနွမ်းနယ်ကာ အားအင်ကုန်ခန်းနေခဲ့ပြီး အတိုဆုံး၊ အဖြောင့်ဆုံးလမ်းမှ အိမ်ပြန်လျှင် ပိုမိုအဆင်ပြေမည်ဖြစ်ပါလျက်၊ မိမိသွားစရာအကြောင်းမရှိသော မြက်ခြောက်ဈေးဘက်မှ အဘယ်ကြောင့် ပြန်လာခဲ့သည်ကို သူကိုယ်တိုင် မည်သို့မျှ နားမလည်နိုင်၊ ရှင်းပြ၍မရနိုင်ခဲ့ပေ။ အလွန်ဝေးလှသည်မဟုတ်သော်လည်း ထိုလမ်းမှာ သိသိသာသာပင် လမ်းလွဲနေပြီး ထိုသို့လမ်းလွဲရန်လည်း လုံးဝမလိုအပ်ခဲ့ပေ။ မည်သည့်လမ်းများမှ ဖြတ်သွားခဲ့သည်ကိုပင် သတိမထားမိဘဲ အိမ်သို့ပြန်ရောက်လာတတ်သည်မှာ အကြိမ်ပေါင်းများစွာ ရှိခဲ့သည်မှာ မှန်၏။ သို့သော် သူ့ကိုယ်သူ အမြဲမေးနေမိသည့်အတိုင်း အဘယ်ကြောင့်၊ အဘယ်ကြောင့် ထိုမျှအရေးပါသော၊ ထိုမျှအဆုံးအဖြတ်ပေးနိုင်သော၊ တစ်ချိန်တည်းမှာပင် လုံးဝမတော်တဆဖြစ်ပေါ်လာသည့် တွေ့ဆုံမှုသည်၊ သူသွားစရာအကြောင်းပင် မရှိသော မြက်ခြောက်ဈေး၌၊ သူ့ဘဝ၏ အတိအကျ ထိုအချိန်၊ ထိုမိနစ်မှာပင် ဖြစ်ပေါ်ခဲ့ရသနည်း။ အထူးသဖြင့် ထိုတွေ့ဆုံမှုက သူ့ကံကြမ္မာတစ်ခုလုံးအပေါ် အလွန်ပြင်းထန်ပြီး အဆုံးအဖြတ်ပေးနိုင်ဆုံးသော ဩဇာသက်ရောက်စေနိုင်မည့် စိတ်အခြေအနေနှင့် အကြောင်းခြင်းရာများအတွင်း သူရောက်ရှိနေသည့် အခိုက်အတန့်မှာပင် အဘယ်ကြောင့် ဖြစ်ပေါ်ခဲ့ရသနည်း။ ထိုတွေ့ဆုံမှုသည် သူ့ကို တမင်စောင့်ဆိုင်းချောင်းမြောင်းနေခဲ့သည့်အလားပင်!
သူ မြက်ခြောက်ဈေးကို ဖြတ်ကူးသွားချိန်၌ ကိုးနာရီခန့် ရှိပြီ။ စားပွဲခုံများ၊ လက်တွန်းလှည်းများ၊ ဈေးတဲများနှင့် ဆိုင်များတွင် ဈေးသည်အားလုံးတို့က မိမိတို့၏ အရောင်းဆိုင်များကို ပိတ်သိမ်းနေကြသည်၊ သို့မဟုတ် ကုန်ပစ္စည်းများကို သိမ်းဆည်းထုပ်ပိုးနေကြပြီး ဖောက်သည်များနည်းတူ အိမ်ပြန်ရန် ပြင်ဆင်နေကြသည်။ အဝတ်စုတ်ကောက်သူများနှင့် လမ်းဘေးဈေးသည်မျိုးစုံတို့သည် မြက်ခြောက်ဈေး၏ ညစ်ပတ်နံစော်နေသော ဝင်းများအတွင်းရှိ အရက်ဆိုင်များပတ်လည်၌ စုဝေးတိုးဝှေ့နေကြသည်။ ရက်စ်ကိုလ်နီကော့ဗ်သည် လမ်းများပေါ်တွင် ရည်ရွယ်ချက်မဲ့ လျှောက်သွားသည့်အခါ ဤနေရာနှင့် အနီးအနားရှိ လမ်းကြားများကို အထူးနှစ်သက်လေ့ရှိသည်။ ဤနေရာ၌ သူ၏ စုတ်ပြတ်နေသော အဝတ်အစားများကို မည်သူမျှ မထီမဲ့မြင် အာရုံစိုက်မကြည့်ကြသည့်အပြင် မည်သည့်အဝတ်အစားမျိုးကိုမဆို ဝတ်ဆင်ကာ လျှောက်သွားလျှင်လည်း လူများက အထိတ်တလန့် မဖြစ်ကြချေ။ လမ်းကြားတစ်ခု၏ ထောင့်တွင် လက်လီဈေးသည်တစ်ဦးနှင့် သူ၏ဇနီးတို့က ဖဲကြိုးများ၊ အပ်ချည်များ၊ ချည်သားလက်ကိုင်ပဝါများ စသည်တို့ကို စားပွဲနှစ်လုံးပေါ်၌ ခင်းကျင်းရောင်းချထားကြသည်။ သူတို့လည်း အိမ်ပြန်ရန် ထပြင်နေကြပြီဖြစ်သော်လည်း ယခုလေးတင် သူတို့ထံ ရောက်လာသော မိတ်ဆွေတစ်ဦးနှင့် စကားပြောရင်း နှောင့်နှေးနေကြသည်။ ထိုမိတ်ဆွေမှာ လီဇာဗီတာ အီဗာနိုဗ်နာ၊ သို့မဟုတ် လူတိုင်းခေါ်ကြသည့်အတိုင်း လီဇာဗီတာပင် ဖြစ်သည်။ သူမသည် အပေါင်ခံသည့် အဘွားအို အလျိုနာ အီဗာနိုဗ်နာ၏ ညီမဖြစ်ပြီး ရက်စ်ကိုလ်နီကော့ဗ်သည် ယမန်နေ့က သူ့နာရီကို အပေါင်ထားရန်နှင့် သူ၏ စမ်းသပ်မှု ကို ပြုလုပ်ရန် ထိုအဘွားအိုထံ သွားရောက်ခဲ့သည်။… သူသည် လီဇာဗီတာအကြောင်း အလုံးစုံ သိထားပြီးဖြစ်သကဲ့သို့ လီဇာဗီတာကလည်း သူ့ကို အနည်းငယ် သိသည်။ သူမသည် အသက်သုံးဆယ့်ငါးနှစ်ခန့်ရှိသော အပျိုကြီးတစ်ဦးဖြစ်ပြီး အရပ်ရှည်ကာ ကိုယ်ဟန်အမူအရာ အချိုးမကျ၊ ကြောက်တတ်၊ ကျိုးနွံလွန်းသည့်အပြင် အရူးနီးပါးပင် ဖြစ်သည်။ သူမသည် အစ်မ၏ ကျွန်စင်စစ်ဖြစ်ပြီး သူ့ကို နေ့ညမပြတ် အလုပ်ခိုင်းရုံသာမက ရိုက်နှက်တတ်သော အစ်မကို ကြောက်ရွံ့တုန်လှုပ်နေရသည်။ သူမသည် အထုပ်တစ်ထုပ်ကို ကိုင်လျက် လက်လီဈေးသည်နှင့် သူ့ဇနီးရှေ့တွင် ရပ်ကာ အလေးအနက်ထားသော်လည်း မဝံ့မရဲပုံဖြင့် နားထောင်နေသည်။ သူတို့သည် အကြောင်းကိစ္စတစ်ခုကို အထူးစိတ်အားထက်သန်စွာ ပြောဆိုနေကြခြင်းဖြစ်သည်။ ရက်စ်ကိုလ်နီကော့ဗ်သည် သူမကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် အလွန်အမင်း အံ့ဩသွားသကဲ့သို့ ထူးဆန်းသည့် ခံစားမှုတစ်ခုက သူ့ကို လွှမ်းမိုးသွားသည်။ သို့ရာတွင် ဤတွေ့ဆုံမှု၌ အံ့ဩစရာဟူ၍ ဘာမျှမရှိပေ။
“လီဇာဗီတာ အီဗာနိုဗ်နာ၊ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်နိုင်ပါတယ်” ဟု လက်လီဈေးသည်က ကျယ်လောင်စွာ ပြောနေသည်။ “မနက်ဖြန် ခုနစ်နာရီလောက် လာခဲ့ပါ။ သူတို့လည်း ဒီမှာ ရှိကြလိမ့်မယ်။”
“မနက်ဖြန်လား” ဟု လီဇာဗီတာက ဆုံးဖြတ်ချက်မချနိုင်သည့်အလား ဖြည်းညင်းစွာ၊ စဉ်းစဉ်းစားစား မေးလိုက်သည်။
“အမလေး၊ အလျိုနာ အီဗာနိုဗ်နာကို ကြောက်လိုက်တာလွန်ပါရောလား” ဟု သွက်လက်ချက်ချာသော မိန်းမငယ်ဖြစ်သည့် လက်လီဈေးသည်၏ဇနီးက တတွတ်တွတ် ပြောလိုက်သည်။ “ရှင့်ကိုကြည့်ရတာ ကလေးပေါက်စလေးလိုပဲ။ ပြီးတော့ သူက ရှင့်အရင်းအစ်မလည်း မဟုတ်ဘူး၊ အဖေတူမအေကွဲ အစ်မပဲရှိတာ။ ဒါတောင် ရှင့်ကို ဘယ်လောက်တောင် ချုပ်ချယ်ထားလိုက်သလဲ!”
“ဒါပေမဲ့ ဒီတစ်ခါတော့ အလျိုနာ အီဗာနိုဗ်နာကို တစ်ခွန်းမှ မပြောနဲ့” ဟု သူမ၏ခင်ပွန်းက ကြားဖြတ်ပြောလိုက်သည်။ “ဒါက ကျုပ်အကြံပေးတာပဲ။ သူ့ကို ခွင့်မတောင်းဘဲ ကျုပ်တို့ဆီ လာခဲ့ပါ။ ခင်ဗျားအတွက် အကျိုးရှိပါလိမ့်မယ်။ နောက်ကျရင် ခင်ဗျားအစ်မကိုယ်တိုင်တောင် သဘောတူချင် တူလာနိုင်တယ်။”
“ကျွန်မ လာရမှာလား။”
“မနက်ဖြန် ခုနစ်နာရီလောက်ပေါ့။ သူတို့လည်း ဒီမှာ ရှိကြလိမ့်မယ်။ ခင်ဗျားဘာသာ ဆုံးဖြတ်နိုင်မှာပါ။”
“ပြီးတော့ လက်ဖက်ရည်လည်း သောက်ကြတာပေါ့” ဟု သူ၏ဇနီးက ဖြည့်စွက်ပြောလိုက်သည်။
“ကောင်းပြီ၊ ကျွန်မ လာခဲ့မယ်” ဟု လီဇာဗီတာက စဉ်းစားနေဆဲပင် ပြောလိုက်ပြီး ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့သည်။
ရက်စ်ကိုလ်နီကော့ဗ်သည် ထိုနေရာကို လွန်လာပြီဖြစ်၍ နောက်ထပ် ဘာမျှမကြားရတော့ပေ။ သူသည် စကားတစ်လုံးမျှ မလွတ်စေရန် ကြိုးစားလျက် မည်သူမျှ သတိမပြုမိအောင် အသံတိတ်တိတ်ဖြင့် ဖြတ်လျှောက်လာခဲ့သည်။ ပထမ အံ့အားသင့်မှု၏နောက်တွင် ကျောရိုးတစ်လျှောက် ချမ်းစိမ့်တုန်ခါသွားသကဲ့သို့ ကြောက်မက်ဖွယ် ထိတ်လန့်မှုတစ်ရပ်က ဆက်လက်ပေါ်ပေါက်လာသည်။ နောက်တစ်နေ့ ခုနစ်နာရီတွင် အဘွားအို၏ညီမနှင့် တစ်ဦးတည်းသော အဖော်ဖြစ်သူ လီဇာဗီတာသည် အိမ်၌ ရှိမည်မဟုတ်ကြောင်း၊ ထို့ကြောင့် ခုနစ်နာရီတိတိတွင် အဘွားအိုသည် တစ်ယောက်တည်း ကျန်ရစ်နေမည် ဖြစ်ကြောင်း သူ သိလိုက်ရပြီ၊ လုံးဝ မမျှော်လင့်ထားဘဲ ရုတ်တရက် သိလိုက်ရခြင်း ဖြစ်သည်။
သူ၏နေအိမ်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာတော့သည်။ သေဒဏ်ချမှတ်ခံထားရသူတစ်ဦးကဲ့သို့ သူ အထဲဝင်သွားသည်။ သူ ဘာမျှ မစဉ်းစားမိသကဲ့သို့ စဉ်းစားနိုင်စွမ်းလည်း မရှိတော့ပေ။ သို့သော် မိမိ၌ လွတ်လပ်စွာ စဉ်းစားပိုင်ခွင့် မရှိတော့ကြောင်း၊ ကိုယ်ပိုင်ဆန္ဒလည်း မရှိတော့ကြောင်းနှင့် အရာအားလုံးသည် ရုတ်တရက် ပြန်လည်ပြင်ဆင်၍မရအောင် ဆုံးဖြတ်ပြီးသား ဖြစ်သွားပြီဖြစ်ကြောင်း သူ၏တစ်ကိုယ်လုံး၊ တစ်ဘဝလုံးဖြင့် ချက်ချင်းခံစားလိုက်ရသည်။
အမှန်ပင်၊ သင့်တော်သော အခွင့်အရေးတစ်ခုအတွက် နှစ်ပေါင်းများစွာ စောင့်ဆိုင်းရမည်ဆိုလျှင်ပင် ယခု သူ့ရှေ့၌ အလိုလို ပေါ်ပေါက်လာခဲ့သော အခြေအနေထက် သူ၏အကြံအစည် အောင်မြင်ရေးဆီသို့ ပိုမိုသေချာသော ခြေလှမ်းတစ်ရပ်ကို မျှော်လင့်နိုင်မည် မဟုတ်ပေ။ မည်သို့ဆိုစေ၊ သတ်ရန် ကြံရွယ်ထားသော အဘွားအိုတစ်ဦးသည် နောက်တစ်နေ့ သတ်မှတ်ထားသည့်အချိန်တွင် အိမ်၌ လုံးဝတစ်ယောက်တည်း ရှိနေမည်ဖြစ်ကြောင်းကို ဤထက်ပိုမိုတိကျသေချာစွာ၊ ဤထက်အန္တရာယ်နည်းစွာ၊ အန္တရာယ်ရှိသည့် စုံစမ်းမေးမြန်းမှုများနှင့် စူးစမ်းရှာဖွေမှုများ မပြုလုပ်ရဘဲ ကြိုတင်သိရှိရန်မှာ ခက်ခဲလိမ့်မည်။