အခန်း ၁၆ — ညအတွက် ပြင်ဆင်ခြင်း
ထိုညတွင် ကေလီက အဲဒီရေကန်ထဲ ဘာကို ဖွက်ထားမည်နည်း။ ယခုတော့ အန်တိုနီ သိပြီဟု ထင်မိသည်။ အဲဒါ မာ့ခ်၏အလောင်းပင် ဖြစ်သည်။
အစကတည်းကပင် အန်တိုနီသည် ဤအဖြေ ထွက်ပေါ်လာတော့မည်ကို ရိပ်စားမိခဲ့သော်လည်း လက်မခံလိုဘဲ တွန့်ဆုတ်နေခဲ့သည်။ မာ့ခ် အသတ်ခံခဲ့ရသည်ဆိုလျှင် ယင်းမှာ သွေးအေးအေးနှင့် ရက်စက်စွာ သတ်ဖြတ်မှုတစ်ခု ဖြစ်နေပုံရသောကြောင့်ပင်။ ကေလီသည် ထိုသို့ လုပ်နိုင်သူလော။ ဘီလ်ကတော့ “မလုပ်နိုင်ဘူး” ဟု ပြောပေလိမ့်မည်။ အကြောင်းမှာ သူသည် ကေလီနှင့်အတူ နံနက်စာစားခဲ့သည်၊ နေ့လယ်စာစားခဲ့သည်၊ ညစာစားခဲ့သည်၊ ကေလီကို စနောက်ခဲ့သည်၊ အတူတကွ ကစားခဲ့သည်။ ဘီလ်ကိုယ်တိုင် မည်သူ့ကိုမျှ သွေးအေးအေးနှင့် သတ်မည်မဟုတ်သကဲ့သို့ အခြားသူများလည်း မိမိကဲ့သို့ပင် ပြုမူကြမည်ဟု သဘောထားသောကြောင့် “မလုပ်နိုင်ဘူး” ဟု ပြောပေလိမ့်မည်။ သို့သော် အန်တိုနီတွင် ထိုသို့သော အထင်မှားမှုမျိုး မရှိပေ။ လူသတ်မှုများ ဖြစ်ပွားလေ့ရှိသည်။ ဤနေရာတွင်ပင် လူသတ်မှု အမှန်တကယ် ဖြစ်ခဲ့ပြီဖြစ်ကြောင်း ရောဘတ်၏အလောင်းက သက်သေပြနေသည်။ နောက်ထပ် လူသတ်မှုတစ်ခု အဘယ်ကြောင့် မဖြစ်နိုင်ရမည်နည်း။
ထိုနေ့မွန်းလွဲပိုင်းက မာ့ခ်သည် ရုံးခန်းထဲတွင် အမှန်တကယ် ရှိခဲ့သလော။ ကေလီ၏ထွက်ဆိုချက်မှာ သိသာစွာပင် အထောက်အထားအဖြစ် မယူနိုင်သဖြင့် ယင်းမှလွဲ၍ ရှိသမျှ တစ်ခုတည်းသော သက်သေမှာ အယ်လ်စီ၏ ထွက်ဆိုချက်ဖြစ်သည်။ အယ်လ်စီက သူ၏အသံကို ကြားခဲ့သည်ဟု လုံးဝသေချာနေသည်။ သို့သော် ဘီလ်က ထိုအသံမှာ အလွန်ထူးခြား၍ မှတ်မိလွယ်သော အသံဟု ပြောခဲ့သည်။ သို့ဆိုလျှင် အတုခိုးရန်လည်း လွယ်ကူသောအသံ ဖြစ်ပေမည်။ ဘီလ်က ထိုမျှ ပီပြင်အောင် အတုခိုးနိုင်လျှင် ကေလီကရော အဘယ်ကြောင့် မတုနိုင်ရမည်နည်း။
သို့သော် စင်စစ်တွင် ထိုသတ်ဖြတ်မှုသည် သွေးအေးအေးနှင့် လုပ်ခဲ့ခြင်းမျိုး မဟုတ်ခဲ့သည်လည်း ဖြစ်နိုင်သည်။ ထိုနေ့မွန်းလွဲပိုင်းတွင် သူတို့နှစ်ယောက်စလုံး ပိုးပန်းနေကြသော မိန်းကလေးအကြောင်းကြောင့် ကေလီနှင့် သူ့ဝမ်းကွဲတို့ စကားများခဲ့သည်ဟု ဆိုကြပါစို့။ ကေလီက ဒေါသအလျောက် ရုတ်တရက် တမင်သတ်လိုက်ခြင်းဖြစ်စေ၊ လဲကျသွားအောင်သာ ရိုက်မည်ကြံပြီး မတော်တဆ သေသွားခြင်းဖြစ်စေ မာ့ခ်ကို သတ်မိခဲ့သည်ဟု ဆိုကြပါစို့။ ယင်းသည် မွန်းလွဲနှစ်နာရီခန့်တွင် လျှို့ဝှက်လမ်းကြောင်းထဲ၌ ဖြစ်ပွားခဲ့သည်ဟု ယူဆကြပါစို့။ ကေလီက မာ့ခ်ကို ထိုနေရာသို့ တမင်ခေါ်ဆောင်သွားခဲ့ခြင်းကြောင့် ဖြစ်နိုင်သလို မာ့ခ်ကိုယ်တိုင် အမှတ်မထင် ထိုနေရာသို့ သွားကြည့်ရန် အကြံပြုခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ (မာ့ခ်သည် ထိုလျှို့ဝှက်လမ်းကြောင်းအကြောင်းကို တစိမ့်စိမ့် တွေးကာ အမြဲဝမ်းသာဂုဏ်ယူနေမည်ဟု မြင်ယောင်နိုင်သည်။) ကေလီသည် လျှို့ဝှက်လမ်းကြောင်းထဲ၌ မိမိခြေရင်းက အလောင်းကို ကြည့်ရင်း မိမိလည်ပင်း၌ ကြိုးကွင်း စွပ်ပြီးသားသဖွယ် ခံစားနေရသည်ဟု ဆိုကြပါစို့။ လွတ်မြောက်ရာလမ်းကို အရူးအမူးရှာရင်း သူ၏စိတ်က ဟိုဘက်သည်ဘက် ပျံ့လွင့်နေမည်။ ထိုစဉ် ယနေ့မွန်းလွဲသုံးနာရီတွင် ရောဘတ် အိမ်သို့လာမည်ကို ဆီလျော်မှုမရှိဘဲ ရုတ်တရက် သတိရသွားသည်ဟု ဆိုကြပါစို့။ သူ့နာရီကို အလိုအလျောက် ငုံ့ကြည့်လိုက်သည်။ နောက်ထပ် နာရီဝက်အကြာတွင် ရောက်လာတော့မည်...။ နာရီဝက်အတွင်း။ တစ်ခုခုကို မြန်မြန်၊ အလျင်အမြန် ကြံရမည်။ အလောင်းကို လျှို့ဝှက်လမ်းကြောင်းထဲ မြှုပ်ထားပြီး အစ်ကိုရောက်လာမည့်အကြောင်း တွေးရုံနှင့် ကြောက်လန့်ကာ မာ့ခ် ထွက်ပြေးသွားသည်ဟု ထင်စေမည်လော။ သို့သော် နံနက်စာစားပွဲဝိုင်းတွင် ဖြစ်ခဲ့သည့် အထောက်အထားက ရှိနေသည်။ မိသားစုအတွက် အရှက်ရစရာဖြစ်ခဲ့သူ ပြန်ပေါ်လာခြင်းကြောင့် မာ့ခ် စိတ်တိုနေပုံရသော်လည်း လုံးဝ ကြောက်လန့်နေပုံ မရခဲ့ပေ။ မဖြစ်နိုင်။ ထိုဇာတ်လမ်းမှာ ယုံလောက်စရာ မရှိလွန်းပေ။ သို့သော် မာ့ခ်က သူ့အစ်ကိုကို အမှန်တကယ် တွေ့ပြီး စကားများခဲ့သည်ဆိုပါစို့။ ရောဘတ်က မာ့ခ်ကို သတ်ခဲ့သယောင် ဖန်တီးနိုင်ခဲ့လျှင်—
အန်တိုနီသည် လျှို့ဝှက်လမ်းကြောင်းထဲ၌ ဝမ်းကွဲ၏အလောင်းအပေါ်မှ မိုးရပ်ကာ အကြံထုတ်နေသော ကေလီ၏ပုံကို စိတ်ကူးဖြင့် မြင်ယောင်ကြည့်မိသည်။ ရောဘတ် အသက်ရှင်လျက် ရှိနေပြီး ငြင်းဆိုနိုင်သရွေ့ သူ့ကို လူသတ်သမားဟု မည်သို့ ထင်ရအောင် လုပ်နိုင်မည်နည်း။ သို့သော် ရောဘတ်လည်း သေသွားခဲ့လျှင်ကော။
သူ့နာရီကို ထပ်ကြည့်သည်။ (ယခု နှစ်ဆယ့်ငါးမိနစ်သာ ကျန်တော့သည်။) ရောဘတ်လည်း သေသွားခဲ့လျှင်ကော။ ရုံးခန်းထဲတွင် ရောဘတ်သေပြီး လျှို့ဝှက်လမ်းကြောင်းထဲတွင် မာ့ခ်သေနေခြင်းက မည်သို့ အထောက်အကူပြုမည်နည်း။ ရူးမိုက်သည့်အကြံပင်။ သို့သော် အလောင်းနှစ်လောင်းကို တစ်နည်းနည်းဖြင့် အတူတကွ ယူလာပြီး ရောဘတ်၏သေဆုံးမှုကို မိမိကိုယ်ကို သတ်သေခြင်းဟု ထင်ရအောင် လုပ်နိုင်လျှင်ကော...။ ဖြစ်နိုင်ပါ့မလား။
အရူးအကြံပဲ။ ခက်ခဲလွန်းသည်။ (ယခု မိနစ်နှစ်ဆယ်သာ ကျန်တော့သည်။) မိနစ်နှစ်ဆယ်အတွင်း စီစဉ်ရန် ခက်ခဲလွန်းသည်။ မိမိကိုယ်ကို သတ်သေမှုအဖြစ် ဖန်တီး၍မရ။ ခက်ခဲလွန်းသည်...။ ဆယ့်ကိုးမိနစ်သာ ကျန်တော့သည်...။
ထိုအခါ အကြံကောင်းတစ်ခု ရုတ်တရက် လင်းခနဲ ပေါ်လာသည်။ ရုံးခန်းထဲတွင် ရောဘတ်သေပြီး မာ့ခ်၏အလောင်းကို လျှို့ဝှက်လမ်းကြောင်းထဲ၌ ဝှက်ထားမည်။ ရောဘတ်ကို လူသတ်သမားဖြစ်အောင် ဖန်တီးရန် မဖြစ်နိုင်သော်လည်း မာ့ခ်ကို လူသတ်သမားဖြစ်အောင် ဖန်တီးရသည်မှာ လွယ်လှပါတကား။ ရောဘတ်သေပြီး မာ့ခ် ပျောက်နေသည်။ မြင်လိုက်ရုံနှင့် အဖြေက ထင်ရှားနေမည်။ မာ့ခ်က ရောဘတ်ကို သတ်ခဲ့သည်။ မတော်တဆ သတ်မိခြင်းပင်။ ဟုတ်သည်၊ ထိုသို့ဖြစ်လျှင် ပို၍ ယုံကြည်ဖွယ်ကောင်းမည်။ ထို့နောက် မာ့ခ် ထွက်ပြေးသွားသည်။ ရုတ်တရက် ထိတ်လန့်သွား၍...။ (သူ့နာရီကို ထပ်ကြည့်သည်။ ဆယ့်ငါးမိနစ်သာ ကျန်သော်လည်း ယခုတော့ အချိန်အလုံအလောက် ရှိသည်။ အစီအစဉ်က သူ့အလိုလို အံဝင်ခွင်ကျ ဖြစ်လာပြီ။)
အဖြေက ဒါပဲလားဟု အန်တိုနီ တွေးမိသည်။ သူတို့ သိထားသည့် အချက်အလက်များနှင့် ကိုက်ညီနေပုံရသည်။ သို့သော် နံနက်ပိုင်းက ဘီလ်အား သူတင်ပြခဲ့သော အခြားယူဆချက်သည်လည်း ထိုအချက်များနှင့် ကိုက်ညီနေခဲ့သည်ပင်။
“ဘယ်ယူဆချက်လဲ” ဟု ဘီလ်က မေးသည်။
သူတို့သည် ဂျယ်လန်ဒ်စ်မှ ပန်းခြံကိုဖြတ်၍ ပြန်လာခဲ့ပြီး ရေကန်အထက်ဘက်ရှိ တောအုပ်ငယ်ထဲတွင် ထိုင်နေကြသည်။ စုံစမ်းရေးအရာရှိနှင့် သူ၏တံငါသည်များလည်း ယခု ရေကန်မှ ပြန်သွားကြပြီ။ ဘီလ်သည် အန်တိုနီ၏ယူဆချက်ကို ပါးစပ်အဟောင်းသားဖြင့် နားထောင်ခဲ့ပြီး ရံဖန်ရံခါ “ဂျိုးဗ်ရေ” ဟု အာမေဋိတ်ပြုသည်မှလွဲ၍ တိတ်ဆိတ်စွာ နားထောင်နေခဲ့သည်။ အဆုံးတွင် “ကေလီက ဉာဏ်ကောင်းတဲ့လူပဲ” ဟုသာ မှတ်ချက်ချခဲ့သည်။
“ဘယ်အခြားယူဆချက်လဲ”
“မာ့ခ်က ရောဘတ်ကို မတော်တဆ သတ်မိပြီး ကေလီဆီ အကူအညီတောင်းခဲ့တယ်ဆိုတဲ့ ယူဆချက်လေ။ ပြီးတော့ ကေလီက မာ့ခ်ကို လျှို့ဝှက်လမ်းကြောင်းထဲမှာ ဝှက်ထားပြီး ရုံးခန်းတံခါးကို အပြင်ဘက်က သော့ခတ်ကာ တံခါးကို တဒုန်းဒုန်း ထုခဲ့တယ်ဆိုတာ။”
“ဟုတ်တယ်၊ ဒါပေမဲ့ အဲဒီအကြောင်းတုန်းက ခင်ဗျားက သိပ်ကို လျှို့ဝှက်ဆန်းကြယ် လုပ်နေခဲ့တာ။ ဘာရည်ရွယ်ချက်နဲ့ လုပ်တာလဲလို့ မေးတော့လည်း ခင်ဗျား ဘာမှမပြောဘူး။” သူသည် ခဏမျှ စဉ်းစားပြီးမှ ဆက်ပြောသည်။ “ကေလီက မာ့ခ်ကို တမင်သစ္စာဖောက်ပြီး လူသတ်သမားလို့ ထင်ရအောင် ကြိုးစားခဲ့တယ်လို့ ခင်ဗျား ဆိုလိုတာပေါ့။”
“လျှို့ဝှက်လမ်းကြောင်းထဲမှာ မာ့ခ်ကို အသက်ရှင်လျက်ဖြစ်ဖြစ်၊ သေလျက်ဖြစ်ဖြစ် တွေ့နိုင်ဖွယ်ရှိတယ်လို့ မင်းကို ငါ သတိပေးချင်ခဲ့တာ။”
“အခုတော့ အဲဒီလို မထင်တော့ဘူးလား။”
“အခုတော့ သူ့အလောင်း အဲဒီထဲမှာ ရှိနေတယ်လို့ ငါထင်တယ်။”
“ခင်ဗျား ရောက်လာပြီးနောက်၊ ရဲတွေ ရောက်လာပြီးနောက်မှ ကေလီက အောက်ဆင်းပြီး မာ့ခ်ကို သတ်လိုက်တယ်လို့ ဆိုလိုတာလား။”
“အင်း၊ အဲဒီအချက်ကိုပဲ ငါ လက်ခံဖို့ တွန့်ဆုတ်နေတာ ဘီလ်။ အဲဒါက အလွန်အမင်း သွေးအေးရက်စက်လွန်းတယ်။ ကေလီက လုပ်နိုင်ကောင်း လုပ်နိုင်ပေမဲ့ သူလုပ်ခဲ့တယ်လို့ မတွေးချင်ဘူး။”
“ဒါပေမဲ့ အမယ်လေး၊ ခင်ဗျားရဲ့ နောက်ယူဆချက်ကလည်း သွေးအေးရက်စက်တာပါပဲ။ ခင်ဗျားအဆိုအရ ကေလီက ရုံးခန်းပေါ်တက်သွားပြီး သူနဲ့ ဘာရန်ငြိုးမှမရှိတဲ့၊ ဆယ့်ငါးနှစ်လုံးလုံး မတွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်ကို တမင်တကာ သေနတ်နဲ့ပစ်တာပဲ မဟုတ်လား။”
“ဟုတ်တယ်၊ ဒါပေမဲ့ ကိုယ့်အသက်ကို ကယ်ဖို့ လုပ်တာလေ။ အဲဒါက ကွာခြားတယ်။ ငါ့ယူဆချက်ကတော့ ကေလီဟာ အဲဒီမိန်းကလေးအကြောင်းနဲ့ မာ့ခ်ကို အပြင်းအထန် စကားများပြီး ဒေါသအလျောက် ရုတ်တရက် သတ်မိခဲ့တာပဲ။ အဲဒီနောက် သူလုပ်ခဲ့သမျှအားလုံးဟာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ လုပ်ခဲ့တာ ဖြစ်မယ်။ သူ့ကို ခွင့်လွှတ်သင့်တယ်လို့ ငါဆိုလိုတာ မဟုတ်ဘူး။ ဒါပေမဲ့ ဘာကြောင့်လုပ်တယ်ဆိုတာ နားလည်နိုင်တယ်လို့ ဆိုတာ။ မာ့ခ်ရဲ့အလောင်းဟာ အခု လျှို့ဝှက်လမ်းကြောင်းထဲမှာ ရှိနေပြီး မနေ့မွန်းလွဲ နှစ်နာရီခွဲလောက်ကတည်းက အဲဒီမှာ ရှိနေခဲ့တယ်လို့ ငါထင်တယ်။ ဒီညတော့ ကေလီက အဲဒီအလောင်းကို ရေကန်ထဲမှာ သွားဝှက်လိမ့်မယ်။”
ဘီလ်သည် သူ့ဘေး မြေပြင်ပေါ်ရှိ ရေညှိများကို ဆွဲနုတ်၍ လက်တစ်ဆုပ်နှစ်ဆုပ်ခန့် လွှင့်ပစ်လိုက်ပြီးနောက် “ခင်ဗျား မှန်ကောင်းမှန်နိုင်ပေမဲ့ ဒါတွေအားလုံးက မှန်းဆချက်တွေပဲဆိုတာ သိတယ်မဟုတ်လား” ဟု ဖြည်းညင်းစွာ ပြောသည်။
အန်တိုနီ ရယ်လိုက်သည်။
“ဘုရားရေ၊ ဒါပေါ့၊ မှန်းဆချက်ပဲ” ဟု သူက ဆိုသည်။ “ဒီညကျရင် အကောင်းမှန်းလား၊ အဆိုးမှန်းလားဆိုတာ ငါတို့ သိရလိမ့်မယ်။”
ဘီလ်၏မျက်နှာ ရုတ်တရက် လင်းလက်သွားသည်။
“ဒီည” ဟု သူက ဆိုသည်။ “ကျုပ်ပြောမယ်၊ ဒီညတော့ တော်တော်ပျော်စရာကောင်းမှာပဲ။ ဘယ်လို စလုပ်ကြမလဲ။”
အန်တိုနီသည် ခဏမျှ တိတ်ဆိတ်နေသည်။
“စည်းကမ်းအရဆိုရင်တော့ ရဲတွေကို အသိပေးရမယ်။ ဒါမှ သူတို့ ဒီကိုလာပြီး ဒီည ရေကန်ကို စောင့်ကြည့်နိုင်မှာ” ဟု နောက်ဆုံးတွင် သူက ပြောသည်။
“ဒါပေါ့” ဟု ဘီလ်က သွားဖြဲပြုံး၍ ဆိုသည်။
“ဒါပေမဲ့ ငါတို့ရဲ့ ယူဆချက်တွေကို သူတို့ရှေ့ ချပြဖို့ နည်းနည်းစောလွန်းသေးတယ်လို့ ငါထင်တယ်။”
“နည်းနည်းစောလွန်းသေးတယ်လို့ ကျုပ်လည်း ထင်တယ်” ဟု ဘီလ်က တည်ကြည်စွာ ဆိုသည်။
အန်တိုနီသည် ရုတ်တရက် ပြုံးလျက် သူ့ကို မော့ကြည့်သည်။
“ဘီလ်၊ မင်းက လူလည်ကြီးပါလား။”
“အမယ်လေး၊ ဒါက ကျုပ်တို့ပွဲပဲလေ။ ကျုပ်တို့လည်း နည်းနည်းပါးပါး ပျော်ရွှင်ခွင့် မယူသင့်ဘူးလို့ မမြင်မိပါဘူး။”
“ငါလည်း အဲဒီလိုပဲ။ ကောင်းပြီ၊ ဒါဆို ဒီညတော့ ရဲတွေမပါဘဲ ငါတို့ဘာသာ လုပ်ကြမယ်။”
“သူတို့ကို သတိရနေကြမှာပဲ” ဟု ဘီလ်က ဝမ်းနည်းဟန်ဖြင့် ဆိုသည်။ “ဒါပေမဲ့ ဒီလိုပဲ ပိုကောင်းပါတယ်။”
သူတို့ရှေ့တွင် ဖြေရှင်းရမည့် ပြဿနာနှစ်ခု ရှိနေသည်။ ပထမမှာ ကေလီ မသိအောင် အိမ်ထဲမှ ထွက်လာနိုင်ရေးဖြစ်ပြီး ဒုတိယမှာ ထိုည၌ ကေလီ ရေကန်ထဲ ချပစ်မည့်အရာကို မည်သို့ ပြန်ဆယ်ယူမည်ဆိုသည့် ပြဿနာဖြစ်သည်။
“ကေလီရဲ့ ရှုထောင့်ကနေ ကြည့်ကြရအောင်” ဟု အန်တိုနီက ဆိုသည်။ “သူ့နောက်ကို ငါတို့ လိုက်နေပြီဆိုတာ သူ မသိသေးတာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ကို သံသယမဝင်ဘဲတော့ မနေနိုင်ဘူး။ ဒီအိမ်ထဲက လူတိုင်းကို သူ မလွဲမသွေ သံသယဝင်မှာပဲ။ အထူးသဖြင့် ငါတို့နှစ်ယောက်က တခြားသူတွေထက် ဉာဏ်ပိုကောင်းပုံရလို့ ငါတို့ကို ပိုပြီး သံသယဝင်မှာပေါ့။”
သူသည် ဆေးတံကို မီးညှိရန် ခဏရပ်လိုက်ရာ ဘီလ်က ထိုအခွင့်အရေးကိုယူ၍ မိစ္စစ်စတီဗင်စ်ထက် ပို၍ ဉာဏ်ကောင်းပုံပေါ်အောင် မျက်နှာထားလိုက်သည်။
“ကဲ၊ ဒီည သူ့မှာ ဝှက်စရာတစ်ခု ရှိနေတယ်။ ငါတို့ သူ့ကို စောင့်ကြည့်မနေဘူးဆိုတာ သေချာအောင်လည်း သူ ကောင်းကောင်း ဂရုစိုက်မှာပဲ။ ဒီတော့ သူ ဘာလုပ်မလဲ။”
“သူ အပြင်မထွက်ခင် ကျုပ်တို့ အိပ်ပျော်နေပြီလားလို့ အရင် လာကြည့်မယ်။”
“ဟုတ်တယ်။ လာပြီး ငါတို့ကို စောင်သေသေချာချာ ခြုံပေးမယ်။ သက်သောင့်သက်သာရှိရဲ့လားဆိုတာလည်း ကြည့်မယ်ပေါ့။”
“ဟုတ်တယ်၊ အဲဒါ နည်းနည်းခက်တာပဲ” ဟု ဘီလ်က ဆိုသည်။ “ဒါပေမဲ့ ကျုပ်တို့ အခန်းတံခါးတွေကို သော့ခတ်ထားလို့ ရတာပဲ။ ဒါဆို ကျုပ်တို့ အခန်းထဲမှာ မရှိဘူးဆိုတာ သူသိမှာ မဟုတ်ဘူး။”
“မင်းရဲ့အခန်းတံခါးကို တစ်ခါဖူးမှ သော့ခတ်ဖူးသလား။”
“တစ်ခါမှ မခတ်ဖူးဘူး။”
“အေး၊ မခတ်ဖူးဘူး။ အဲဒါကို ကေလီသိတယ်ဆိုတာလည်း လောင်းရဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက တံခါးကို တဒုန်းဒုန်းခေါက်လိမ့်မယ်၊ မင်းကလည်း ပြန်မထူးဘူးဆိုရင် သူ ဘယ်လိုထင်မလဲ။”
ဘီလ်သည် အားလျော့သွားကာ ဆိတ်ဆိတ်နေခဲ့သည်။
“ဒါဆို ဘယ်လိုလုပ်ရမလဲဆိုတာ မမြင်တော့ဘူး” ဟု အတန်ကြာ လေးလေးနက်နက် စဉ်းစားပြီးနောက် သူက ပြောသည်။ “သူ မထွက်ခင်လေးမှာပဲ ငါတို့ဆီ လာမှာ သေချာတယ်။ အဲဒီတော့ သူ့ထက်အရင် ရေကန်ဆီရောက်ဖို့ ငါတို့မှာ အချိန်မလောက်ဘူး။”
“သူ့နေရာမှာ ငါတို့ကိုယ်ငါတို့ အစားထိုးစဉ်းစားကြည့်ရအောင်” ဟု အန်တိုနီက ဆေးတံကို ဖြည်းဖြည်းဖွာရင်း ပြောသည်။ “အလောင်းပဲဖြစ်ဖြစ်၊ တခြားဘာပဲဖြစ်ဖြစ် အဲဒီဟာကို မြေအောက်လမ်းထဲမှာ သူထားထားတယ်။ အဲဒါကို လက်နဲ့ပိုက်ပြီး လှေကားပေါ်တက်လာကာ ငါတို့နိုးနေသလားလို့ အခန်းတံခါးတွေကနေ လိုက်ကြည့်မှာ မဟုတ်ဘူး။ ငါတို့အခြေအနေကို အရင်သေချာအောင် လုပ်ပြီးမှ အဲဒီဟာယူဖို့ အောက်ကိုဆင်းရမှာပဲ။ ဒါကြောင့် ငါတို့မှာ အချိန်နည်းနည်း ရတယ်။”
“ဟုတ်... ဟုတ်သားပဲ” ဟု ဘီလ်က စဉ်းစဉ်းစားစား ပြောသည်။ “လုပ်နိုင်လောက်တယ်။ ဒါပေမဲ့ တော်တော်တော့ သုတ်သီးသုတ်ပျာ ဖြစ်လိမ့်မယ်။”
“ဒါပေမဲ့ နေဦး။ မြေအောက်လမ်းထဲ ဆင်းပြီး အလောင်းကို ယူပြီးရင် သူ ဘာဆက်လုပ်မလဲ။”
“ပြန်ထွက်လာမှာပေါ့” ဟု ဘီလ်က ကူညီဖြည့်စွက်ပေးလိုက်သည်။
“ဟုတ်တယ်၊ ဒါပေမဲ့ ဘယ်ဘက်အစွန်းက ထွက်လာမလဲ။”
ဘီလ်သည် လန့်သွားကာ ကိုယ်ကို မတ်မတ်ထောင်လိုက်သည်။
“ဂျိုးဗ်ရေ၊ မင်းဆိုလိုတာက သူဟာ ဘိုးလင်းမြက်ခင်းဘက်က ဟိုဘက်အစွန်းကနေ ထွက်မယ်လို့လား။”
“အဲဒီလိုပဲ မင်း မထင်ဘူးလား။ သန်းခေါင်ယံမှာ အလောင်းတစ်လောင်းကို လက်နဲ့ပိုက်ပြီး အိမ်ကနေ အတိုင်းသားမြင်နေရတဲ့ မြက်ခင်းပြင်ကို ဖြတ်လျှောက်နေတာ မြင်ယောင်ကြည့်စမ်း။ မအိပ်နိုင်သေးတဲ့ လူတစ်ယောက်ယောက်က အဲဒီအချိန်လေးမှာပဲ ပြတင်းပေါက်နား လျှောက်လာပြီး ညအမှောင်ထဲ လှမ်းကြည့်လိုက်မလားလို့ စိုးရိမ်ရင်း သူ့ဇက်ပိုးတစ်လျှောက် စိမ့်တက်နေမယ့် ကြောက်စရာခံစားချက်ကို စဉ်းစားကြည့်စမ်း။ လရောင်ကလည်း တော်တော်လင်းနေတုန်းပဲ၊ ဘီလ်။ သူ့ကို စိုက်ကြည့်နေတဲ့ ပြတင်းပေါက်တွေအားလုံးရှေ့မှာ အလောင်းကိုပိုက်ပြီး လရောင်အောက်က ပန်းခြံကို ဖြတ်လျှောက်မလား။ ရှောင်နိုင်ရင် သူ အဲဒီလိုလုပ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဘိုးလင်းမြက်ခင်းဘက်ကနေ ထွက်သွားရင်တော့ အိမ်ဘက်က လုံးဝမမြင်နိုင်ဘဲ ရေကန်ဆီ ရောက်လာနိုင်တယ်။”
“မင်းမှန်တယ်။ အဲဒါဆို ငါတို့လည်း အချိန်မီရုံလောက်ပဲ။ ကောင်းပြီ။ ကဲ၊ နောက်တစ်ခုက ဘာလဲ။”
“နောက်တစ်ခုကတော့ သူ ပစ်ချလိုက်တဲ့ဟာ—ဘာပဲဖြစ်ဖြစ်—ရေကန်ထဲမှာ ကျသွားတဲ့ နေရာအတိအကျကို မှတ်ထားဖို့ပဲ။”
“ဒါမှ ငါတို့ ပြန်ဆယ်ယူနိုင်မှာပေါ့။”
“ဘာလဲဆိုတာ မြင်ရရင်တော့ ပြန်ဆယ်စရာ မလိုဘူး။ မနက်ဖြန် ရဲတွေကိုပဲ ရှာခိုင်းလိုက်လို့ရတယ်။ ဒါပေမဲ့ အဝေးကနေ ဘာလဲဆိုတာ မခွဲခြားနိုင်ရင်တော့ ဆယ်ယူကြည့်ရမယ်။ ရဲတွေကို ပြောဖို့တန်သလားဆိုတာ သိရအောင်ပေါ့။”
“ဟုတ်... ဟုတ်တယ်” ဟု ဘီလ်က နဖူးတွန့်ရင်း ပြောသည်။ “ရေဆိုတာကတော့ ပြဿနာရှိတယ်။ ဘယ်နေရာကြည့်ကြည့် နောက်တစ်နေရာနဲ့ ခပ်ဆင်ဆင်ပဲလေ။ အဲဒီအချက်ကို မင်း စဉ်းစားမိရဲ့လားတော့ မသိဘူး။
“စဉ်းစားမိပါတယ်” ဟု အန်တိုနီက ပြုံးရင်း ပြောသည်။ “လာ၊ သွားကြည့်ရအောင်။”
သူတို့သည် တောအုပ်စွန်းသို့ လျှောက်သွားပြီး ထိုနေရာ၌ အသံမထွက်ဘဲ လှဲကာ အောက်ဘက်ရှိ ရေကန်ကို ကြည့်နေကြသည်။
“တစ်ခုခု မြင်လား” ဟု နောက်ဆုံးတွင် အန်တိုနီက မေးသည်။
“ဘာကိုလဲ။”
“ဟိုဘက်ကမ်းက ခြံစည်းရိုးကိုလေ။”
“အဲဒါက ဘာဖြစ်လို့လဲ။”
“အင်း၊ တော်တော်အသုံးဝင်တယ်လို့ပဲ ပြောတာပါ။”
“ဟု ရှားလော့ခ်ဟုမ်းစ်က နက်နဲလျှို့ဝှက်စွာ ဆိုလေသည်” ဟု ဘီလ်က ထပ်ဖြည့်လိုက်သည်။ “ခဏအကြာတွင် သူ့မိတ်ဆွေ ဝပ်ဆန်က သူ့ကို ရေကန်ထဲ ပစ်ချလိုက်လေသည်။”
အန်တိုနီ ရယ်လိုက်သည်။
“ရှားလော့ခ်ဆန်ဆန် လုပ်နေရတာ ငါ သိပ်ကြိုက်တာပဲ” ဟု သူက ပြောသည်။ “မင်းက ငါနဲ့အလိုက်သင့် မကစားပေးတာ တော်တော်မတရားဘူး။”
“ချစ်လှစွာသော ဟုမ်းစ်ရေ၊ အဲဒီခြံစည်းရိုးက ဘာကြောင့် အသုံးဝင်တာလဲ” ဟု ဘီလ်က နာနာခံခံ မေးသည်။
“အဲဒါကို အမှတ်ယူပြီး ဦးတည်မျဉ်း ဆွဲလို့ရတာကြောင့်ပေါ့။ ကြည့်လေ—”
“အေး၊ ဦးတည်မျဉ်းဆိုတာ ဘာလဲလို့ ငါ့ကို ရပ်ပြီးရှင်းပြနေစရာ မလိုပါဘူး။”
“ငါလည်း ရှင်းပြမလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ဒီမှာ”—သူက အပေါ်ကို မော့ကြည့်လိုက်သည်—“ဒီထင်းရှူးပင်အောက်မှာ လှဲနေတယ်။ ကေလီက လှေအဟောင်းနဲ့ ထွက်လာပြီး သူ့အထုပ်ကို ရေထဲပစ်ချတယ်။ ဒီနေရာကနေ လှေဆီ တည့်တည့်မျဉ်းဆွဲပြီး ဟိုဘက်ခြံစည်းရိုးပေါ်မှာ အမှတ်မှတ်ထား။ အစွန်းကနေ ရေတွက်ရင် ပဉ္စမမြောက်တိုင်ဆိုပါတော့။ ပြီးရင် ငါက _ငါ့_အပင်ကနေ—ငါ့အတွက် အပင်တစ်ပင်ကို ခဏနေ ရှာမယ်—တည့်တည့်မျဉ်းဆွဲမယ်။ အဲဒီမျဉ်းက နှစ်ဆယ်မြောက်တိုင်ကို ရောက်တယ်ဆိုပါတော့။ မျဉ်းနှစ်ကြောင်း ဆုံတဲ့နေရာမှာ လင်းယုန်တွေ စုဝေးကြလိမ့်မယ်။ သက်သေပြပြီးပြီ။ အဲဒီနေရာမှာပဲ—ပြောဖို့ မေ့တော့မလို့—လင်းယုန်တွေထဲက အရပ်အရှည်ဆုံးဖြစ်တဲ့ ဘဲဗာလီဆိုသူက သူ့ရဲ့နာမည်ကျော် ရေငုပ်ပြကွက်ကို ပြသလိမ့်မယ်။ ဟစ်ပိုဒရုမ်းဇာတ်ရုံမှာ ညစဉ်ပြသသည့်အတိုင်းပေါ့။”
ဘီလ်က သူ့ကို မသက်မသာနှင့် ကြည့်လိုက်သည်။
“ဟေ့၊ တကယ်ကြီးလား။ ရေက တော်တော်ညစ်ပတ်တာ မင်းသိတယ်မဟုတ်လား။”
“အဲဒီလိုပဲ ဖြစ်ရမယ်ထင်တယ်၊ ဘီလ်။ ယာရှာကျမ်းမှာ ဒီအတိုင်း ရေးထားသကိုး။”
“ငါတို့နှစ်ယောက်ထဲက တစ်ယောက်တော့ ဆင်းရမယ်ဆိုတာ သိသားပဲ။ ဒါပေမဲ့ ငါကတော့ မျှော်လင့်ထားတာ... အင်းလေ၊ ထားပါတော့။ ဒီညက ပူသားပဲ။”
“ရေချိုးဖို့ အကောင်းဆုံးညပေါ့” ဟု အန်တိုနီက သဘောတူရင်း ထလိုက်သည်။ “ကဲ၊ ငါ့အတွက် အပင်တစ်ပင် ရှာကြည့်ရအောင်။”
သူတို့သည် ရေကန်စပ်သို့ လျှောက်ဆင်းသွားပြီးနောက် ပြန်လှည့်ကြည့်ကြသည်။ ဘီလ်၏သစ်ပင်သည် အိမ်နီးချင်းသစ်ပင်များထက် ပေငါးဆယ်မျှ ကောင်းကင်နှင့်ပိုနီးကာ အရပ်မြင့်မြင့်၊ မှားစရာမရှိအောင် ညနေခင်းကောင်းကင်နောက်ခံတွင် ထင်းထင်းကြီး ပေါ်လွင်နေသည်။ သို့သော် တောအုပ်၏ တခြားအစွန်းတွင်လည်း ယင်းနှင့်အဖော်တူ သစ်ပင်တစ်ပင် ရှိနေသည်။ အနည်းငယ် ပုချင်ပုမည်ဖြစ်သော်လည်း ထပ်တူပင် ထင်ရှားလှသည်။
“ငါက အဲဒီနေရာမှာ နေမယ်” ဟု အန်တိုနီက ထိုအပင်ကို လက်ညှိုးထိုးရင်း ပြောသည်။ “ကဲ၊ ဘုရားကိုထောက်ထားပြီး မင်းရဲ့တိုင်တွေကို တိတိကျကျ ရေတွက်ပါ။”
“ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမဲ့ ငါ့အတွက် ငါ တိတိကျကျ ရေတွက်မှာပါ” ဟု ဘီလ်က စိတ်ပါလက်ပါ ပြောသည်။ “တစ်ညလုံး ရေငုပ်ပြီး မရှာချင်ဘူး။”
“မင်းနဲ့ ရေစင်ကျတဲ့နေရာကို မျဉ်းဖြောင့်တစ်ကြောင်းတည်းပေါ် ရောက်နေတဲ့တိုင်ကို မှတ်ထားပြီး ခြံစည်းရိုးအစအထိ နောက်ပြန်ရေတွက်။”
“ကောင်းပြီ၊ သူငယ်ချင်းကြီး။ ငါ့တာထားလိုက်။ ဒါလောက်တော့ ခေါင်းပေါ်ရပ်ပြီးတောင် လုပ်နိုင်တယ်။”
“အင်း၊ နောက်ဆုံးအပိုင်းကိုတော့ ခေါင်းပေါ်အောက်စိုက်ပြီး လုပ်ရမှာပဲ” ဟု အန်တိုနီက ပြုံးရင်း ပြောသည်။
သူက နာရီကို ကြည့်လိုက်သည်။ ညစာစားရန် အဝတ်လဲရမည့်အချိန် နီးနေပြီ။ သူတို့နှစ်ယောက် အိမ်သို့ အတူပြန်လျှောက်လာကြသည်။
“ငါ့ကို တော်တော်စိတ်ပူစေတဲ့ အချက်တစ်ခုရှိတယ်” ဟု အန်တိုနီက ပြောသည်။ “ကေလီက ဘယ်အခန်းမှာ အိပ်တာလဲ။”
“ငါ့ဘေးခန်းမှာ။ ဘာဖြစ်လို့လဲ။”
“အင်း၊ သူ ရေကန်ကနေ ပြန်လာပြီးရင် မင်းကို နောက်တစ်ခေါက် လာကြည့်နိုင်တယ်။ သာမန်ဆိုရင်တော့ ဒီလောက်အထိ အလုပ်ရှုပ်ခံမယ် မထင်ဘူး။ ဒါပေမဲ့ မင်းရဲ့တံခါးရှေ့ကနေ ဖြတ်သွားရမှာဆိုတော့ အထဲကို တစ်ချက်လောက် လှမ်းကြည့်ကောင်း ကြည့်လိမ့်မယ်။”
“ငါက အခန်းထဲမှာ ရှိမှာမဟုတ်ဘူး။ ရေကန်အောက်ခြေမှာ ရွှံ့တွေကို တရှိုက်မက်မက် မျိုနေရမှာ။”
“ဟုတ်တယ်... အမှောင်ထဲမှာ မင်းနဲ့ ခပ်ဆင်ဆင်တူမယ့် တစ်ခုခုကို အိပ်ရာပေါ်မှာ ထားခဲ့လို့ရမလား။ ဘေးရှည်ခေါင်းအုံးကို ညဝတ်အင်္ကျီဝတ်ပေး၊ လက်တစ်ဖက်ကို စောင်အပြင် ထုတ်ထား၊ ခေါင်းနေရာမှာ ခြေအိတ်တစ်စုံဖြစ်ဖြစ် ထားပေါ့။ ဒီလိုဟာမျိုးကို မင်းသိသားပဲ။ မင်း အေးအေးချမ်းချမ်း အိပ်နေတုန်းပဲလို့ သူ ခံစားရရင် သဘောကျမယ်ထင်တယ်။”
ဘီလ်က သူ့ဘာသာသူ တခစ်ခစ်ရယ်လိုက်သည်။
“ရတာပေါ့။ အဲဒီလိုလုပ်တာ ငါ သိပ်တော်တယ်။ သူ့အတွက် တကယ့်အကောင်းစားတစ်ယောက် ဖန်တီးပေးထားမယ်။ ဒါပေမဲ့ မင်းကရော။”
“ငါက အိမ်ရဲ့ တခြားအစွန်းမှာနေတာ။ ငါ့ကို ဒုတိယအကြိမ် လာကြည့်ဖို့ သူ အလုပ်ရှုပ်ခံမယ် မထင်ပါဘူး။ ပထမအကြိမ် သူလာတုန်းကလည်း ငါ အလွန်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေမှာ။ ဒါပေမဲ့ စိတ်ချရအောင်တော့ ငါလည်း လုပ်ထားလိုက်တာပေါ့။”
သူတို့ အိမ်ထဲသို့ ဝင်လာကြသည်။ သူတို့ဝင်လာချိန်၌ ကေလီသည် အဝင်ခန်းမထဲတွင် ရှိနေသည်။ သူက ခေါင်းညိတ်ပြပြီး နာရီကို ထုတ်ကြည့်လိုက်သည်။
“အဝတ်လဲရမယ့်အချိန် ရောက်ပြီလား” ဟု သူက မေးသည်။
“ရောက်လုနီးပါပြီ” ဟု ဘီလ်က ပြောသည်။
“ငါ့စာကို မမေ့ခဲ့ဘူးမဟုတ်လား။”
“မမေ့ပါဘူး။ တကယ်တော့ ငါတို့ အဲဒီမှာ လက်ဖက်ရည်တောင် သောက်ခဲ့သေးတယ်။”
“ဪ!” သူက အကြည့်လွှဲလိုက်ပြီး “အားလုံး နေကောင်းကြရဲ့လား” ဟု ပေါ့ပေါ့ဆဆ မေးသည်။
“သူတို့က မင်းအတွက် စာနာကြောင်းပြောတဲ့ စကားမျိုးစုံနဲ့... အဲဒီလိုစကားတွေ ပြောလိုက်ကြတယ်။”
“ဪ၊ အေး။”
ဘီလ်က သူ နောက်ထပ်တစ်ခုခုပြောမည်ကို စောင့်နေသော်လည်း ဘာမျှဆက်မလာသဖြင့် လှည့်ကာ “လာ၊ တိုနီ” ဟု ပြောပြီး လှေကားပေါ်သို့ ဦးဆောင်တက်သွားသည်။
“လိုတာအားလုံး ရပြီလား” ဟု လှေကားထိပ်ရောက်သောအခါ သူက မေးသည်။
“ရပြီထင်တာပဲ။ မင်း အောက်မဆင်းခင် ငါ့ဆီ လာခဲ့ဦး။”
“ကောင်းပြီ။”
အန်တိုနီသည် သူ့နောက်မှ အိပ်ခန်းတံခါးကို ပိတ်လိုက်ပြီး ပြတင်းပေါက်ဆီ လျှောက်သွားသည်။ ပြတင်းတံခါးတစ်ချပ်ကို တွန်းဖွင့်ကာ အပြင်သို့ ကြည့်လိုက်သည်။ သူ၏အိပ်ခန်းသည် အိမ်နောက်ဘက်တံခါး၏ အပေါ်တည့်တည့်တွင် ရှိသည်။ ကျန်အိမ်ပိုင်းထက် မြက်ခင်းဘက်သို့ ပိုငေါထွက်နေသော ရုံးခန်း၏ ဘေးနံရံမှာ သူ့ဘယ်ဘက်၌ ရှိသည်။ သူသည် တံခါးအမိုးပေါ်သို့ လှမ်းထွက်နိုင်ပြီး ထိုနေရာမှ မြေပြင်သို့ အလွယ်တကူ ခုန်ချနိုင်သည်။ ပြန်တက်လာရန်မှာမူ အနည်းငယ် ပိုခက်မည်။ သို့သော် အဆင်ပြေသည့် ရေပိုက်တစ်ချောင်းရှိသဖြင့် အထောက်အကူရနိုင်သည်။
သူ အဝတ်အစားလဲပြီးရုံသာ ရှိသေးစဉ် ဘီလ် ဝင်လာသည်။ “နောက်ဆုံးညွှန်ကြားချက်တွေလား” ဟု အိပ်ရာပေါ် ထိုင်ချရင်း သူက မေးသည်။ “ဒါနဲ့ ညစာစားပြီးရင် ငါတို့ ဘာလုပ်ပြီး အပျင်းဖြေကြမလဲ။ ညစာစားပြီးပြီးချင်းကို ပြောတာ။”
“ဘိလိယက်ကစားမလား။”
“ကောင်းပြီ။ မင်းကြိုက်တာ ဘာမဆိုပဲ။”
“အသံကျယ်ကျယ် မပြောနဲ့” ဟု အန်တိုနီက အသံလျှော့၍ ပြောသည်။ “တို့က ဧည့်ခန်းမကြီးရဲ့ အပေါ်တည့်တည့်လောက်မှာ ရှိနေတာ၊ ကေလီလည်း အဲဒီမှာ ရှိနေနိုင်တယ်။” သူက ပြတင်းပေါက်ဆီ ရှေ့မှ ဦးဆောင်သွားသည်။ “ဒီညတော့ ဒီလမ်းကနေ အပြင်ထွက်မယ်။ အောက်ထပ်ကို လှေကားကဆင်းတာ အန္တရာယ်များလွန်းတယ်။ ဒီကထွက်ရတာ လွယ်ပါတယ်၊ တင်းနစ်ဖိနပ်စီးထားတာ ပိုကောင်းမယ်။”
“ကောင်းပြီ။ နောက်တစ်ခါ မင်းနဲ့ နှစ်ယောက်တည်း စကားပြောခွင့် မရတော့မှာစိုးလို့ မေးထားမယ်—ကေလီက ငါ့ကို စောင်ခြုံပေးဖို့ ဝင်လာရင် ငါ ဘာလုပ်ရမလဲ။”
“ပြောရခက်တယ်။ တတ်နိုင်သမျှ သဘာဝကျကျ နေပါ။ ဆိုလိုတာက သူက တံခါးကို ခပ်ဖွဖွပဲခေါက်ပြီး ခေါင်းပြူကြည့်ရုံဆိုရင် အိပ်ပျော်နေလိုက်။ ဟောက်သံကိုတော့ လွန်လွန်ကဲကဲ မလုပ်နဲ့။ ဒါပေမဲ့ သူက ဆူဆူညံညံ လုပ်လာရင်တော့ နိုးလာပြီး မျက်လုံးပွတ်၊ ပြီးတော့ မင်းအခန်းထဲ သူ ဘာကိစ္စများ လာလုပ်နေတာလဲလို့ အံ့ဩသလိုလုပ်ရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းသိပါတယ်။”
“ကောင်းပြီ။ ပြီးတော့ လူတုအကြောင်းကရော။ အပေါ်ထပ်ရောက်တာနဲ့ ချက်ချင်းလုပ်ပြီး ကုတင်အောက်မှာ ဝှက်ထားလိုက်မယ်။”
“အင်း… တို့နှစ်ယောက်လုံး တကယ်ပဲ အိပ်ရာဝင်ထားတာ ပိုကောင်းမယ်ထင်တယ်။ ပြန်ဝတ်ရတာ ခဏလေးပဲ ကြာမှာပါ၊ ပြီးတော့ သူ့အနေနဲ့ စင်္ကြံထဲ ဘေးကင်းကင်း ရောက်သွားဖို့ အချိန်ရစေမယ်။ အဲဒီနောက် ငါ့အခန်းထဲ လာခဲ့။”
“ကောင်းပြီ… အသင့်ဖြစ်ပြီလား။”
“အင်း။”
သူတို့နှစ်ယောက် အတူတကွ အောက်ထပ်သို့ ဆင်းသွားကြသည်။