အခန်း ၂၀
ဘက်တယ်နှင့် အန်သနီ တိုင်ပင်ဆွေးနွေးခြင်း
အန်သနီက ဘာမျှမပြော။ ပြတင်းပေါက်မှ အပြင်ဘက်သို့သာ ဆက်လက်ငေးကြည့်နေသည်။ စုံထောက်အုပ် ဘက်တယ်သည် မလှုပ်မယှက်ရပ်နေသော သူ့ကျောပြင်ကို အတန်ကြာ စိုက်ကြည့်နေခဲ့သည်။
“ကောင်းပြီ၊ ကောင်းသောညပါခင်ဗျာ” ဟု နောက်ဆုံး၌ ပြောပြီး တံခါးဆီသို့ လျှောက်သွားသည်။
အန်သနီ လှုပ်ရှားလိုက်သည်။
“ခဏနေဦး၊ ဘက်တယ်။”
စုံထောက်အုပ်သည် နာခံစွာ ရပ်တန့်လိုက်သည်။ အန်သနီက ပြတင်းပေါက်နားမှ ခွာလာပြီး ဆေးလိပ်ဘူးထဲမှ စီးကရက်တစ်လိပ် ထုတ်ကာ မီးညှိလိုက်သည်။ ထို့နောက် ဆေးလိပ်မီးခိုး နှစ်ချက်မျှ မှုတ်ထုတ်ရင်း ပြောလိုက်သည်။
“စတိန်းစ်က အမှုကို ခင်ဗျား တော်တော်စိတ်ဝင်စားနေပုံရတယ်နော်။”
“အဲဒီလောက်အထိတော့ မဟုတ်ပါဘူးခင်ဗျာ။ သာမန်မဟုတ်တဲ့ အမှုဖြစ်နေတာတစ်ခုပဲ ရှိပါတယ်။”
“အဲဒီလူဟာ တွေ့ရတဲ့နေရာမှာပဲ သေနတ်ပစ်ခံရတာလို့ ခင်ဗျားထင်သလား၊ ဒါမှမဟုတ် တခြားတစ်နေရာမှာ အသတ်ခံရပြီးမှ အလောင်းကို အဲဒီနေရာအတိအကျဆီ နောက်မှ ယူလာထားတာလို့ ထင်သလား။”
“တခြားတစ်နေရာမှာ သေနတ်ပစ်ခံရပြီး အလောင်းကို မော်တော်ကားနဲ့ အဲဒီနေရာဆီ ယူလာတာလို့ ထင်ပါတယ်။”
“ကျွန်တော်လည်း အဲဒီလိုပဲထင်တယ်” ဟု အန်သနီက ပြောသည်။
သူ့အသံ၏ အလေးပေးပုံတစ်မျိုးကြောင့် စုံထောက်သည် ရုတ်တရက် မော့ကြည့်လိုက်သည်။
“ကိုယ်ပိုင်အယူအဆတစ်ခုခုများ ရှိပါသလားခင်ဗျာ။ သူ့ကို အဲဒီနေရာဆီ ဘယ်သူယူလာသလဲဆိုတာ သိပါသလား။”
“သိတယ်” ဟု အန်သနီက ပြောသည်။ “ကျွန်တော် ယူလာတာပဲ။”
တစ်ဖက်လူက လုံးဝတုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်နေသဖြင့် သူ အနည်းငယ် စိတ်တိုသွားသည်။
“ဘက်တယ်၊ ခင်ဗျားက ဒီလိုထိတ်လန့်စရာတွေကို သိပ်ပြီးတည်တည်ငြိမ်ငြိမ် လက်ခံနိုင်တာပဲလို့ ပြောရမယ်” ဟု သူက မှတ်ချက်ချသည်။
“‘စိတ်လှုပ်ရှားမှုကို ဘယ်တော့မှ မပြနဲ့။’ တစ်ခါတုန်းက ကျွန်တော့်ကို သင်ပေးခဲ့တဲ့ စည်းမျဉ်းတစ်ခုပေါ့။ အဲဒါ အတော်အသုံးဝင်တာကို ကျွန်တော် တွေ့ခဲ့ရပါတယ်။”
“ခင်ဗျားကတော့ အဲဒီစည်းမျဉ်းအတိုင်း တကယ်နေတတ်တာပဲ” ဟု အန်သနီက ပြောသည်။ “ခင်ဗျား စိတ်ပျက်လက်ပျက်ဖြစ်တာမျိုး တစ်ခါမှ မြင်ဖူးတယ်လို့ မပြောနိုင်ဘူး။ ကဲ၊ ဖြစ်ကြောင်းကုန်စင်အားလုံးကို နားထောင်ချင်သလား။”
“ပြောပြပါခင်ဗျာ၊ မစ္စတာကိတ်။”
အန်သနီက ကုလားထိုင်နှစ်လုံးကို ဆွဲယူလိုက်ပြီး နှစ်ယောက်စလုံး ထိုင်လိုက်ကြသည်။ ထို့နောက် အန်သနီက ပြီးခဲ့သည့် ကြာသပတေးညက ဖြစ်ရပ်များကို ပြန်လည်ပြောပြသည်။
ဘက်တယ်သည် မလှုပ်မယှက် နားထောင်နေသည်။ အန်သနီ ပြောပြီးသွားသောအခါ သူ့မျက်လုံးများထဲတွင် အဝေးမှလင်းလက်လာသကဲ့သို့ ပြုံးရိပ်တစ်ချက် ပေါ်လာသည်။
“သိပါသလားခင်ဗျာ” ဟု သူက ပြောသည်။ “တစ်နေ့နေ့မှာ ခင်ဗျား ဒုက္ခထဲ ရောက်လိမ့်မယ်။”
“ဒါဆို ဒုတိယအကြိမ်လည်း ကျွန်တော့်ကို အချုပ်ထဲ မထည့်သေးဘူးပေါ့။”
“ကျွန်တော်တို့က လူတစ်ယောက်ကို ကြိုးရှည်ရှည်ပေးထားရတာ အမြဲသဘောကျပါတယ်” ဟု စုံထောက်အုပ် ဘက်တယ်က ပြောသည်။
“စကားပုံရဲ့ နောက်ဆုံးအပိုင်းကို အလွန်အကျွံ အလေးမပေးဘဲ တော်တော်နူးညံ့သိမ်မွေ့အောင် ပြောလိုက်တာပဲ” ဟု အန်သနီက ပြောသည်။
“ကျွန်တော် နားမလည်နိုင်သေးတာက” ဟု ဘက်တယ်က ဆိုသည်။ “ဒီအကြောင်းကို အခုမှ ဘာကြောင့် ဖွင့်ပြောဖို့ ခင်ဗျား ဆုံးဖြတ်လိုက်တာလဲ ဆိုတာပါပဲခင်ဗျာ။”
“ရှင်းပြရတာ အတော်ခက်တယ်” ဟု အန်သနီက ပြောသည်။ “ဒီလိုလေ ဘက်တယ်၊ ခင်ဗျားရဲ့ အရည်အချင်းကို ကျွန်တော် တကယ်ပဲ အတော်လေး အထင်ကြီးလာမိပြီ။ အရေးကြုံတဲ့အချိန်တိုင်း ခင်ဗျားက အဲဒီနေရာမှာ အမြဲရှိနေတယ်။ ဒီညကိုပဲ ကြည့်လေ။ ဒါနဲ့ ကျွန်တော်သိထားတာကို ဖုံးကွယ်ထားခြင်းအားဖြင့် ခင်ဗျားရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို အကြီးအကျယ် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ တွေးမိတယ်။ ခင်ဗျားဟာ အချက်အလက်အားလုံးကို သိခွင့်ရထိုက်တယ်။ ကျွန်တော် တတ်နိုင်သမျှ လုပ်ခဲ့ပေမဲ့ အခုထိတော့ အရာရာကို ရှုပ်ကုန်အောင်ပဲ လုပ်မိခဲ့တယ်။ ဒီညမတိုင်ခင်အထိ မစ္စစ်ရယ်ဗယ်လ်အတွက် ထည့်တွက်ပြီး ကျွန်တော် ဖွင့်မပြောနိုင်ခဲ့ဘူး။ ဒါပေမဲ့ အခုတော့ အဲဒီစာတွေဟာ သူနဲ့ ဘာဆိုဘာမှ မသက်ဆိုင်ကြောင်း အခိုင်အမာ သက်သေပြပြီးပြီဆိုတော့ သူပါ ပူးပေါင်းကြံစည်ခဲ့တယ်ဆိုတဲ့ အယူအဆဟာ ရယ်စရာဖြစ်သွားပြီ။ ပထမတုန်းက သူ့ကို ကျွန်တော် အကြံမှားပေးခဲ့မိတာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ အဲဒီစာတွေကို ဖုံးကွယ်ထားဖို့အတွက် သူက စိတ်ကူးပေါက်ရာ ဒီလူ့ကို ငွေပေးခဲ့တယ်လို့ ထွက်ဆိုရင် ယုံကြည်လက်ခံဖို့ နည်းနည်းခက်မယ်လို့ ကျွန်တော်ထင်ခဲ့တာ။”
“ဂျူရီအဖွဲ့အတွက်တော့ ခက်မှာပဲ” ဟု ဘက်တယ်က သဘောတူသည်။ “ဂျူရီတွေမှာ ဘယ်တော့မှ စိတ်ကူးဉာဏ် မရှိကြဘူး။”
“ဒါပေမဲ့ ခင်ဗျားကတော့ အလွယ်တကူ လက်ခံတယ်ပေါ့” ဟု အန်သနီက သူ့ကို စူးစမ်းစွာကြည့်ရင်း မေးသည်။
“ဒီလိုပါ မစ္စတာကိတ်၊ ကျွန်တော့်အလုပ်အများစုက ဒီလူတန်းစားတွေကြားမှာပဲ လုပ်ခဲ့ရတာပါ။ အထက်တန်းလွှာလို့ သူတို့ခေါ်ကြတဲ့ လူတွေပေါ့။ လူအများစုက ဘေးပတ်ဝန်းကျင်က ဘယ်လိုထင်မလဲဆိုတာ အမြဲစိုးရိမ်နေကြတယ်။ ဒါပေမဲ့ သူတောင်းစားတွေနဲ့ မင်းမျိုးမင်းနွယ်တွေကတော့ မစိုးရိမ်ကြဘူး။ သူတို့ခေါင်းထဲ ပထမဆုံးပေါ်လာတာကိုသာ လုပ်လိုက်ကြပြီး ဘယ်သူက သူတို့ကို ဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်ကြဘူး။ ဘာမှမလုပ်ဘဲ စည်းစိမ်ခံနေတဲ့ သူဌေးတွေ၊ ပွဲကြီးလမ်းကြီးတွေပေးတဲ့ လူမျိုးတွေကိုပဲ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်အမြင်ကလွဲရင် တခြားဘယ်သူ့အမြင်မှ အရေးမပါဘူးဆိုတဲ့ စိတ်ဓာတ်ကို မျိုးရိုးစဉ်ဆက် မွေးကတည်းက ပါလာအောင် ပြုစုပျိုးထောင်ခံခဲ့ရတဲ့ လူတွေကို ဆိုလိုတာပါ။ အထက်တန်းလွှာတွေဟာ အမြဲအတူတူပဲဆိုတာ ကျွန်တော် တွေ့ခဲ့ရတယ်။ မကြောက်မရွံ့ရှိတယ်၊ မှန်တာပြောတယ်၊ တစ်ခါတလေတော့ အံ့ဩစရာကောင်းလောက်အောင် မိုက်မဲကြတယ်။”
“သိပ်စိတ်ဝင်စားစရာကောင်းတဲ့ ဟောပြောချက်ပဲ၊ ဘက်တယ်။ တစ်နေ့နေ့မှာ ခင်ဗျားရဲ့ အမှတ်တရမှတ်တမ်းတွေကို ရေးဖြစ်မယ်ထင်တယ်။ အဲဒါတွေလည်း ဖတ်လို့ကောင်းမှာ သေချာတယ်။”
စုံထောက်က ထိုအကြံပြုချက်ကို အပြုံးဖြင့် လက်ခံလိုက်သော်လည်း ဘာမျှမပြော။
“ခင်ဗျားကို မေးခွန်းတစ်ခုတော့ မေးချင်တယ်” ဟု အန်သနီက ဆက်ပြောသည်။ “စတိန်းစ်အမှုနဲ့ ကျွန်တော့်ကို နည်းနည်းပါးပါး ဆက်စပ်မိခဲ့သလား။ ခင်ဗျားရဲ့ အပြုအမူကိုကြည့်ပြီး ဆက်စပ်မိခဲ့တယ်လို့ ကျွန်တော် ထင်ခဲ့တာ။”
“မှန်ပါတယ်။ အဲဒီလိုပဲဖြစ်မယ်လို့ အလိုလိုခံစားမိခဲ့တယ်။ ဒါပေမဲ့ တိတိကျကျ အခြေခံစရာ ဘာမှမရှိခဲ့ဘူး။ မစ္စတာကိတ်၊ ပြောခွင့်ပြုမယ်ဆိုရင် ခင်ဗျားရဲ့ အပြုအမူက အတော်ကောင်းပါတယ်။ ဂရုမစိုက်သလို ဟန်ဆောင်တာကို ဘယ်တော့မှ အလွန်အကျွံ မလုပ်ခဲ့ဘူး။”
“အဲဒါတော့ ဝမ်းသာပါတယ်” ဟု အန်သနီက ပြောသည်။ “ခင်ဗျားနဲ့ စတွေ့ကတည်းက ကျွန်တော့်အတွက် ထောင်ချောက်ကလေးတွေ ခင်ဗျား ဆင်ထားတယ်လို့ ခံစားနေရတာ။ ခြုံပြောရရင် အဲဒီထဲ မကျအောင်တော့ ရှောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ စိတ်ဖိစီးမှုက အတော်ပြင်းထန်ခဲ့တယ်။”
ဘက်တယ်က ခပ်တင်းတင်း ပြုံးလိုက်သည်။
“လူဆိုးတစ်ယောက်ကို နောက်ဆုံးမှာ ဖမ်းမိပုံက အဲဒီလိုပဲခင်ဗျာ။ သူ့ကို ဟိုပြေးဒီပြေး၊ ဟိုလှည့်ဒီကွေ့နဲ့ မနားရအောင် လုပ်ထားရတယ်။ စောစောဖြစ်ဖြစ် နောက်ကျဖြစ်ဖြစ် သူ့စိတ်ဓာတ်ပျက်သွားတဲ့အခါ သူ့ကို ဖမ်းမိပြီပေါ့။”
“ခင်ဗျားက အားတက်စရာကောင်းတဲ့လူပဲ၊ ဘက်တယ်။ ကျွန်တော့်ကို ဘယ်တော့ ဖမ်းမိမလဲ သိချင်သား။”
“ကြိုးရှည်ရှည် ပေးထားရဦးမယ်ခင်ဗျာ” ဟု စုံထောက်အုပ်က စကားကို ပြန်ကိုးကားသည်။ “ကြိုးရှည်ရှည် ပေးထားရဦးမယ်။”
“အဲဒီအတောအတွင်းမှာတော့ ကျွန်တော်က အပျော်တမ်းလက်ထောက်အဖြစ် ရှိနေတုန်းပေါ့” ဟု အန်သနီက ပြောသည်။
“ဟုတ်ပါတယ်၊ မစ္စတာကိတ်။”
“တစ်နည်းပြောရရင် ခင်ဗျားက ရှားလော့ခ်၊ ကျွန်တော်က ဝပ်ဆန်ပေါ့။”
“စုံထောက်ဝတ္ထုတွေက အများအားဖြင့် အဓိပ္ပာယ်မရှိတဲ့ ပေါက်ကရတွေပါ” ဟု ဘက်တယ်က စိတ်လှုပ်ရှားမှုကင်းမဲ့စွာ ပြောသည်။ “ဒါပေမဲ့ လူတွေကိုတော့ အပျင်းပြေစေတယ်” ဟု စိတ်ကူးရသလို ထပ်ဖြည့်ပြောသည်။ “တစ်ခါတလေ အသုံးလည်းဝင်တယ်။”
“ဘယ်လိုနေရာမှာလဲ” ဟု အန်သနီက စူးစမ်းလိုစိတ်ဖြင့် မေးသည်။
“ရဲတွေက တုံးတယ်ဆိုတဲ့ လူတိုင်းရဲ့ အယူအဆကို အားပေးတာပေါ့။ လူသတ်မှုလို အပျော်တမ်းကျူးလွန်တဲ့ ရာဇဝတ်မှုမျိုး ကြုံလာတဲ့အခါ အဲဒီအယူအဆက အလွန်အသုံးဝင်တယ်။”
အန်သနီသည် မိနစ်အနည်းငယ်ကြာ တိတ်ဆိတ်စွာ သူ့ကို ကြည့်နေသည်။ ဘက်တယ်က လုံးဝမလှုပ်မယှက် ထိုင်နေပြီး တစ်ခါတစ်ရံ မျက်တောင်ခတ်လိုက်သည်။ သူ၏ စတုရန်းပုံသဏ္ဌာန် အေးဆေးတည်ငြိမ်သော မျက်နှာပေါ်တွင် မည်သည့်အမူအရာမျှ မပေါ်။ ခဏကြာသော် သူ ထလိုက်သည်။
“အခုမှတော့ အိပ်ရာဝင်လို့လည်း သိပ်အကျိုးမရှိတော့ဘူး” ဟု သူက ဆိုသည်။ “သခင်ကြီး နိုးနိုးချင်း စကားနည်းနည်း ပြောချင်တယ်။ အိမ်က ထွက်သွားချင်တဲ့သူရှိရင် အခုသွားလို့ရပြီ။ တစ်ချိန်တည်းမှာပဲ ဧည့်သည်တွေကို ဆက်နေကြဖို့ အလွတ်သဘော ဖိတ်ကြားပေးမယ်ဆိုရင် သခင်ကြီးကို အလွန်ကျေးဇူးတင်မှာပါ။ ခင်ဗျားလည်း လက်ခံပါခင်ဗျာ။ မစ္စစ်ရယ်ဗယ်လ်လည်း လက်ခံရပါမယ်။”
“ခြောက်လုံးပြူးသေနတ်ကို ရှာတွေ့ခဲ့သေးလား” ဟု အန်သနီက ရုတ်တရက် မေးသည်။
“မင်းသား မိုက်ကယ်ကို ပစ်ခဲ့တဲ့သေနတ်ကို ဆိုလိုတာလား။ မတွေ့သေးပါဘူး။ ဒါပေမဲ့ အိမ်ထဲမှာဖြစ်ဖြစ်၊ အိမ်ဝင်းထဲမှာဖြစ်ဖြစ် ရှိကိုရှိရမယ်။ မစ္စတာကိတ်၊ ခင်ဗျားပေးတဲ့ အရိပ်အမြွက်ကိုယူပြီး ကလေးတချို့ကို ငှက်သိုက်ရှာဖို့ လွှတ်လိုက်မယ်။ ခြောက်လုံးပြူးကို ရှာတွေ့ရင် ကျွန်တော်တို့ နည်းနည်းရှေ့ဆက်နိုင်လိမ့်မယ်။ အဲဒီသေနတ်နဲ့ စာထုပ်၊ ဒီနှစ်ခုပါပဲ။ အဲဒီစာတွေထဲမှာ ‘ချင်မနီးစ်’ ဆိုတဲ့ ခေါင်းစီးပါတဲ့ စာတစ်စောင် ရှိတယ်လို့ ခင်ဗျားပြောတယ်နော်။ အဲဒါ နောက်ဆုံးရေးခဲ့တဲ့စာဆိုတာ ယုံထားလိုက်ပါ။ စိန်ကို ရှာဖွေဖို့ ညွှန်ကြားချက်တွေကို အဲဒီစာထဲမှာ လျှို့ဝှက်သင်္ကေတနဲ့ ရေးထားတာပဲ။”
“ဂျူဆက်ပေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ခင်ဗျားရဲ့ ယူဆချက်က ဘာလဲ” ဟု အန်သနီက မေးသည်။
“သူဟာ ပုံမှန်ခိုးစားနေကျ သူခိုးတစ်ယောက်ဖြစ်ပြီး ဗစ်တာဘုရင်ကဖြစ်ဖြစ်၊ လက်နီရဲဘော်အဖွဲ့ကဖြစ်ဖြစ် သူ့ကို ဆက်သွယ်ခေါ်ယူကာ အသုံးချခဲ့တာလို့ ကျွန်တော် ယူဆတယ်။ ရဲဘော်အဖွဲ့နဲ့ ဗစ်တာဘုရင်တို့ အတူလက်တွဲ လုပ်နေကြတာဆိုရင်လည်း ကျွန်တော် လုံးဝအံ့ဩမှာမဟုတ်ဘူး။ အဖွဲ့အစည်းမှာ ငွေနဲ့ ဩဇာအာဏာ အများကြီးရှိတယ်။ ဒါပေမဲ့ ဉာဏ်ရည်ဘက်မှာတော့ သိပ်အားမကောင်းဘူး။ ဂျူဆက်ပေရဲ့ တာဝန်က ကိုယ်ရေးမှတ်တမ်းစာအုပ်ကို ခိုးဖို့ပဲ။ ခင်ဗျားမှာ စာတွေရှိနေမှန်း သူတို့ သိနိုင်မှာမဟုတ်ဘူး။ စကားမစပ်၊ အဲဒီစာတွေ ခင်ဗျားဆီ ရောက်နေတာကလည်း အလွန်ထူးဆန်းတဲ့ တိုက်ဆိုင်မှုပဲ။”
“သိပါတယ်” ဟု အန်သနီက ပြောသည်။ “စဉ်းစားကြည့်လိုက်ရင် တကယ်အံ့ဩစရာကောင်းတယ်။”
“ဂျူဆက်ပေက အဲဒီအစား စာတွေကို ရသွားတယ်။ အစမှာတော့ အတော်ကြီး စိတ်ပျက်သွားတယ်။ ပြီးတော့ သတင်းစာဖြတ်ပိုင်းကို တွေ့ပြီး အဲဒီအမျိုးသမီးကို ငွေညှစ်ကာ စာတွေကို ကိုယ့်အကျိုးအတွက် အသုံးချမယ်ဆိုတဲ့ ထက်မြက်တဲ့ အကြံရသွားတယ်။ စာတွေရဲ့ အဓိပ္ပာယ်အစစ်အမှန်ကိုတော့ သူ လုံးဝမသိခဲ့ဘူး။ ရဲဘော်အဖွဲ့က သူဘာလုပ်နေသလဲဆိုတာ သိသွားပြီး သူတို့ကို တမင်နှစ်ဖက်ကစားနေတယ်လို့ ယုံကြည်ကာ သူ့ကို သေဒဏ်စီရင်လိုက်တယ်။ သူတို့က သစ္စာဖောက်တွေကို ကွပ်မျက်ရတာ သိပ်ဝါသနာပါတယ်။ အဲဒီလိုလုပ်တာမှာ ဇာတ်ဆန်တဲ့ အရသာတစ်မျိုးပါလို့ သူတို့ သဘောကျကြပုံရတယ်။ ကျွန်တော် နားမလည်နိုင်သေးတာက ‘ဗာဂျီးနီးယား’ လို့ ထွင်းထားတဲ့ ခြောက်လုံးပြူးသေနတ်ပဲ။ ရဲဘော်အဖွဲ့အတွက်တော့ အဲဒါက သိပ်ပြီး လက်ရာမြောက်လွန်းနေတယ်။ ပုံမှန်အားဖြင့် သူတို့က နောက်ထပ်သစ္စာဖောက်ချင်သူတွေ ကြောက်လန့်သွားအောင် လက်နီအမှတ်တံဆိပ်ကို ဟိုနားဒီနား အများကြီး ကပ်ထားရတာကို သဘောကျကြတယ်။ မဟုတ်ဘူး၊ ဒီနေရာမှာ ဗစ်တာဘုရင် ဝင်ပါလာခဲ့ပုံရတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ သူ့ရည်ရွယ်ချက်က ဘာလဲဆိုတာ မသိဘူး။ လူသတ်မှုကို မစ္စစ်ရယ်ဗယ်လ်အပေါ် အပြစ်ပုံချဖို့ တမင်တကာ အားထုတ်ထားပုံရတယ်။ အပေါ်ယံကြည့်ရင်တော့ အဲဒီလိုလုပ်ဖို့ ထူးထူးခြားခြား အကြောင်းရင်းတစ်စုံတစ်ရာ ရှိပုံမပေါ်ဘူး။”
“ကျွန်တော့်မှာ ယူဆချက်တစ်ခု ရှိခဲ့တယ်” ဟု အန်သနီက ပြောသည်။ “ဒါပေမဲ့ စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူး။”
ဗာဂျီးနီးယားက မိုက်ကယ်ကို မှတ်မိသွားသည့်အကြောင်း အန်သနီက ဘက်တယ်အား ပြောပြလိုက်သည်။ ဘက်တယ်က ခေါင်းညိတ်သည်။
“အိုး၊ ဟုတ်တယ်။ သူ့ရဲ့ကိုယ်ရေးအထောက်အထားနဲ့ ပတ်သက်လို့ သံသယရှိစရာ မလိုပါဘူး။ ဒါနဲ့ စကားမစပ်၊ အဲဒီဘာရွန်ကြီးက ခင်ဗျားကို အတော်လေး အထင်ကြီးတာဗျ။ ခင်ဗျားအကြောင်းကို အားတက်သရော ချီးကျူးပြောဆိုနေတာပဲ။”
“သူက အတော်သဘောကောင်းတာပဲ” ဟု အန်သနီက ဆိုသည်။ “အထူးသဖြင့် လာမယ့်ဗုဒ္ဓဟူးနေ့မတိုင်ခင် ပျောက်ဆုံးနေတဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ရအောင်ယူဖို့ ကျွန်တော် အစွမ်းကုန်ကြိုးစားမယ်လို့ သူ့ကို ပြတ်ပြတ်သားသား သတိပေးထားပြီးသားဆိုတော့လေ။”
“အဲဒါကို လုပ်နိုင်ဖို့ ခင်ဗျား အတော်ခက်လိမ့်မယ်” ဟု ဘက်တယ်က ဆိုသည်။
“ဟု—တ်လား။ ခင်ဗျားက အဲဒီလိုထင်သလား။ ဘုရင်ဗစ်တာနဲ့ အပေါင်းအပါတွေက စာတွေကို ရထားပြီလို့ ကျွန်တော်ထင်တယ်။”
ဘက်တယ်က ခေါင်းညိတ်သည်။
“အဲဒီနေ့က ပေါန့်လမ်းမှာ ဂျူဆက်ပေဆီက ခိုးယူသွားတာ။ အတော်လှလှပပ စီစဉ်ထားတဲ့ လုပ်ကွက်ပဲ။ ဟုတ်တယ်၊ သူတို့ဆီမှာ စာတွေအားလုံး သေသေချာချာ ရှိနေပြီ။ ကုဒ်ကိုလည်း ဖော်ပြီးပြီ။ ဘယ်မှာရှာရမလဲဆိုတာလည်း သူတို့သိတယ်။”
သူတို့နှစ်ယောက်လုံး အခန်းထဲမှ ထွက်တော့မည့်ဆဲဆဲ ဖြစ်သည်။
“ဒီအခန်းထဲမှာလား” ဟု အန်သနီက ခေါင်းကို နောက်သို့ဆတ်ပြရင်း မေးသည်။
“အတိအကျပဲ၊ ဒီအခန်းထဲမှာ။ ဒါပေမဲ့ ဆုလာဘ်ကိုတော့ သူတို့ မတွေ့သေးဘူး။ အဲဒါကို ရဖို့ကြိုးစားရင်း အတော်ကြီးတဲ့ အန္တရာယ်ကို ရင်ဆိုင်ရလိမ့်မယ်။”
“ခင်ဗျားရဲ့ အဲဒီနက်နဲတဲ့ခေါင်းထဲမှာ အစီအစဉ်တစ်ခုခု ရှိပြီးသားပဲလို့ ကျွန်တော်ထင်တယ်” ဟု အန်သနီက ဆိုသည်။
ဘက်တယ်က ဘာမျှပြန်မဖြေ။ သူ့မျက်နှာမှာ အထူးတလည် ထုံထိုင်းပြီး ဉာဏ်မရှိသယောင် ဖြစ်နေသည်။ ထို့နောက် အလွန်ဖြည်းညင်းစွာဖြင့် မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
“ကျွန်တော့်အကူအညီ လိုသလား” ဟု အန်သနီက မေးသည်။
“လိုတယ်။ နောက်တစ်ယောက်ရဲ့ အကူအညီလည်း လိုလိမ့်မယ်။”
“ဘယ်သူလဲ။”
“မစ္စစ်ရယ်ဗယ်လ်ပေါ့။ မစ္စတာကိတ် သတိထားမိချင်မှ ထားမိလိမ့်မယ်၊ ဒါပေမဲ့ သူက လူကို အထူးစွဲဆောင်သိမ်းသွင်းတတ်တဲ့ နည်းလမ်းရှိတဲ့ အမျိုးသမီးတစ်ယောက်ပဲ။”
“ကျွန်တော် ကောင်းကောင်းသတိထားမိပါတယ်” ဟု အန်သနီက ဆိုသည်။
သူက လက်ပတ်နာရီကို ငုံ့ကြည့်လိုက်သည်။
“အိပ်ရာဝင်ဖို့ ခင်ဗျားပြောတာကို ကျွန်တော် သဘောတူချင်လာပြီ၊ ဘက်တယ်။ ရေကန်ထဲ တစ်ပတ်လောက်ကူးပြီး မနက်စာကို အားရပါးရစားလိုက်တာက ပိုပြီးသင့်တော်လိမ့်မယ်။”
သူသည် အပေါ်ထပ်ရှိ သူ့အိပ်ခန်းဆီသို့ ပေါ့ပါးသွက်လက်စွာ ပြေးတက်သွားသည်။ တေးသံတိုးတိုးလေး ချွန်ရင်း ညနေခင်းဝတ်စုံကို ချွတ်ကာ အိမ်နေရင်းဝတ်ရုံနှင့် ရေချိုးပဝါတစ်ထည်ကို ကောက်ယူလိုက်သည်။
ထို့နောက် ရုတ်တရက်ပင် မှန်တင်ခုံရှေ့၌ တန့်ခနဲ ရပ်သွားပြီး ကြည့်မှန်ရှေ့တွင် အပြစ်ကင်းစင်သယောင် တည်ရှိနေသည့် အရာဝတ္ထုကို စိုက်ကြည့်နေမိသည်။
ခဏတာမျှ သူ့မျက်လုံးများကိုပင် သူမယုံနိုင်ခဲ့။ ထိုအရာကို ကောက်ယူပြီး အနီးကပ် စစ်ဆေးကြည့်လိုက်သည်။ ဟုတ်သည်၊ မှားစရာမရှိ။
၎င်းမှာ ဗာဂျီးနီးယား ရယ်ဗယ်လ်ဟု လက်မှတ်ရေးထိုးထားသော စာထုပ်ဖြစ်သည်။ အားလုံး ပကတိအတိုင်းရှိနေသည်။ တစ်စောင်မျှ မပျောက်။
အန်သနီသည် စာများကို လက်ထဲကိုင်လျက် ကုလားထိုင်တစ်လုံးပေါ်သို့ ပစ်ထိုင်ချလိုက်သည်။
“ငါ့ဦးနှောက်တော့ ချို့ယွင်းလာပြီထင်တယ်” ဟု သူက ရေရွတ်သည်။ “ဒီအိမ်ထဲမှာ ဖြစ်ပျက်နေတာတွေရဲ့ လေးပုံတစ်ပုံကိုတောင် ငါ နားမလည်နိုင်ဘူး။ ဒီစာတွေက ဘာကြောင့် ကျိန်စာသင့်တဲ့ မျက်လှည့်ပြကွက်လို ပြန်ပေါ်လာရတာလဲ။ ဘယ်သူက ငါ့မှန်တင်ခုံပေါ် လာထားသွားတာလဲ။ ဘာကြောင့်လဲ။”
အလွန်ပင် အချက်ကျလှသော ထိုမေးခွန်းအားလုံးအတွက် သူသည် ကျေနပ်လောက်ဖွယ် အဖြေတစ်ခုမျှ ရှာမတွေ့နိုင်ခဲ့ပေ။